သတင်း

မွေးနေ့ရှင်ဆရာတော်ကြီး ကံမကောင်းရှာ

11.11.2017 ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး (၉၀)နှစ်ပြည့် မွေးနေ့ပွဲအတွက် စာရေးသူကို တကူးတက ဖိတ်ပါတယ်။ စာရေးသူလည်း ကုန်းတစ်တန် လေတစ်တန် ခရီးကို အရောက်သွားခဲ့ပါတယ်။

ထားဝယ်မြို့ ညီတော်မောင် မဘသ ဆရာတော်လေးများက ကံပေါက်ရွာထိ လိုက်ပို့ကြပါတယ်။ စာရေးသူရောက်လာလို့ ဆရာတော်ကြီးလည်း ဝမ်းသာတော်မူပါတယ်။ ရွာသူရွာသားတွေလည်း ဝမ်းသာအားရ လာရောက်ဖူးမြော်ကြပါတယ်။
စာရေးသူထိုင်လို့မှ မကြာသေးဘူး လူတစ်ဦးရောက်ရှိလာပါတယ်။

တိုက်ပုံအင်္ကျီနှင့် ရင်ထိုးနှင့်ဆိုတော့ ဌာနဆိုင်ရာကပဲလို့ အောက်မေ့ပြီး စောင့်ကြည့်နေပါတယ်။ သူလာတော့ ထိုင်နေတဲ့ပရိသတ်က ဘေးကိုရွှေ့ပြီး လမ်းပေးကြပါတယ်။ စကားပြောသံတွေလည်း မကြားရတော့ပါဘူး။ ဒါကိုထောက်ရင် အာဏာပိုင်တစ်ဦးတစ်ယောက်ဆိုတာကိုတော့ အတော်သိသာသွားပါပြီ။ သူကပဲ ရေဖြူထွေအုပ်ပါဘုရားဆိုပြီး လျှောက်တင်ပါတယ်။
စာရေးသူက သဘောရိုးအောက်မေ့ပြီး မဟန ညွှန်ကြားချက်နှင့်ပတ်သက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြနေပါတယ်။
နောက်မှ သူကအာဏာပြလာတာပါ။ 

ဟောခွင့်မပေးနိုင်ပါဘူး တားမြစ်ပါတယ်ဆိုတာမျိုးတွေ ပြောလာတာပါ။ ဒီလိုနှင့် ၆ မိနစ်ကျော်ကြာ အခြေအတင်ပြောခဲ့ကြပြီး ထပြန်သွားပါတယ်။ တရားဟောမဟော ကျောင်းရှေ့ကနေ စောင့်ကြည့်ဦးမယ်လို့ ပြောသွားပါတယ်။ သက်တော်ရှည်ဆရာတော်ကြီးကတော့ ဝမ်းနည်းပက်လက်နှင့် မိန့်တော်မူပါတယ်။ ငါအသက် ၉၀ ပြည့်ပါပြီ တစ်ခါမှ တရားပွဲပိတ်ပင်တားဆီးတာ မတွေ့ခဲ့ဖူးပါဘူး။ မင်းတို့လက်ထက်ကြမှပဲကွာ တရားပွဲကို လာတားရတယ်လို့ စိတ်မကောင်းခြင်းကြီးစွာဖြင့် မိန့်တော်မူတာပါ။

ဆရာတော်ကြီးဟာ မြို့နယ်သံဃနာယကဥက္ကဋ္ဌပါ။ ဥက္ကဋ္ဌဆရာတော်ကြီးရဲ့မွေးနေ့ကို ဥက္ကဋ္ဌဆရာတော်ကြီးရဲ့ကျောင်းတိုက်ထဲ ကျင်းပတာကို လာရောက်တားမြစ်တဲ့သဘောပါ။ မွေးနေ့အကြိုအဖြစ် အခမ်းအနားကျင်းပပြီး မွေးနေ့ပွဲမှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမှာဖြစ်ပါတယ်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အချိန်ပေးရမှာဖြစ်လို့ မွေးနေ့ပွဲအခမ်းအနားကို အကြိုညမှာ စီစဉ်ထားတာပါ။ နမောတဿရွတ်မယ် သီလခံယူမယ် ဆရာတော်ကြီးက သြဝါဒပေးမယ် စာရေးသူက ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို ချီးကျူးမယ် စီရံတိဋ္ဌတုနှင့် ရုပ်သိမ်းမယ် ဒီလောက်ပဲ စီစဉ်ထားတာပါ။

အဲ့ဒါကို စာရေးသူအခမ်းအနားအစီအစဉ်မှာ ထည့်ထားတာကို မပါစေချင်တဲ့သဘောနှင့် လာရောက် ပိတ်ပင် တားဆီးတားပဲဖြစ်ပါတယ်။ ဒီမတိုင်ခင်လည်း ဟိုလူကိုခေါ်ပြီးလက်မှတ်ထိုးခိုင်းလိုက် ဒီလူကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းလိုက်နှင့် အာဏာပြနေပါသေးတယ်။

တကယ်တော့ဗျာ အစိုးရသက်တမ်းဆိုတာ ငါးနှစ်တာကာလလေးပါ။ ဒီကာလလေးမှာ မှတ်တိုင်လေးတွေ စိုက်ထူးထားခဲ့ဖို့တော့ ကောင်းပါသေးတယ်။ ဒီလိုလိုက်နှောက်ယှက်နေရင်တော့ သက်တမ်းကုန်ဆုံးသွားတဲ့အခါ ပြည်သူတွေနှင့် ဘယ်လိုနေကြမလဲ။ သံဃာတွေနှင့် ဘယ်လိုဆက်ဆံကြမလဲ။ စဉ်းစားစရာကောင်းပါတယ်။ ထွေအုပ်ပြန်သွားတော့ ဆရာတော်ကြီး မျက်နှာညှိုးငယ်စွာ ကျန်ခဲ့ပါတယ်။ မွေးနေ့ရှင် ကံမကောင်းရှာပါ။