သတင်း

ရှေးဟောင်းစေတီပုထိုးများနှင့် သီတဂူကြယ်တစ်ပွင့် ဇာတိရွာ

25.12.2017 ပြာသိုလဆန်း(၈)ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်းဘဲကြီးကျေးရွာကို ရောက်ရှိခဲ့ပါတယ်။
အင်းဘဲကြီးကျေးရွာ ရွှေညောင်တော်ကျောင်းတိုက်မှာ ခဏနားပြီး ကျောင်းထိုင်ဆရာတော်နှင့် တွေ့ဆုံကာ ရွှေဟောင်းစေတီပုထိုးများကို ဖူးမြော်ပူဇော်ပါတယ်။

နေ့ဆွမ်းစားနေစဉ် သီတဂူကြယ်တစ်ပွင့်ဆရာတော် အရှင်ပညာနန္ဒ ရောက်ရှိလာပါတယ်။ ဓမ္မကထိက ညီနောင်များ စကားလက်ဆုံကျပြီးသကာလ နေ့ဆွမ်းစားအပြီးမှာ သီတဂူကြယ်တစ်ပွင့်၏ ဇာတိရွာ ဖိုးဝင်းတပ်ရွာသို့ ရောက်ရှိပါတယ်။ ဖိုးဝင်းတပ်ရွာမှာ သီတဂူကြယ်တစ်ပွင့်ဆရာတော် ဆောင်ရွက်လျက်ရှိသော သာသနာပြု ပရဟိတ လုပ်ငန်းများကို လေ့လာခွင့်ရခဲ့ပါတယ်။

အင်းဘဲကြီးကျေးရွာနှင့် ကပ်လျက်ရှိပြီး အင်းဘဲကြီးကျေးရွာမှာလည်း ရှေးဟောင်းစေတီပုထိုး တစ်ရာနီးပါး ရှိတယ်လို့ဆိုပါတယ်။ ဘုရားဒကာ ဦးနိုင်နိုင်အောင်+ဒေါ်ဖြူဖြူအောင် မိသားစုက စေတီ ၂ဆူ ပြုပြင်မွမ်းမံ ရောင်တော်ဖွင့်လျက် ရှိပြီး ကျန်စေတီပုထိုးများမှာ ပြုပြင်မည့်ကုသိုလ်ရှင်များ လိုအပ်လျက်ရှိတာ တွေ့ရပါတယ်။

ဖိုက်စတားအဖွဲ့မှ လူရွှင်တော်ကိုကြာစိက စေတီတစ်ဆူ ထီးတော်တင်ဖို့ ကုသိုလ်ယူထားတယ်လို့ ဆိုပါတယ်။ ကိုကြာစိကိုယ်တိုင် စေတီတော်ကို ရွှေဆေးများဖြင့် သုတ်လိမ်းလျက် ကုသိုလ်ယူနေတာကို တွေ့ရပါတယ်။ ရှေးဟောင်းစေတီပုထိုးများကတော့ ဟံလင်းမြို့ဟောင်းနှင့် ဆက်စပ်လျက်ရှိတာကြောင့် ရှေးလက်ရာမပျက် ပြုပြင်ပြီး ဖိတ်ခေါ်လိုက်လျင် နိုင်ငံခြားသုတေသီများက လာရောက်လေ့လာနိုင်ကြောင်း အခွင့်အလမ်းတွေ တွေ့နေရပါတယ်။