သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်း သားသားမီးမီးများနှင့်အတူ

ဝါခေါင်လဆုတ် ၈ ရက် 15.8.2017 ည 8:00 နာရီမှာ လောကအလင်း ပညာဒါန ကျူရှင်ကျောင်း ရောက်ရှိခဲ့ပါတယ်။ ညဂိုက်တန်းကို နေ့စဉ်ဖွင့်ထားလျက်ရှိပြီး အသစ်အဟောင်း နှစ်တန်းလုံးမှ ကျောင်းသားကျောင်းသူ တစ်ရာကျော်တက်ရောက်ကြပါတယ်။

ဆရာကြီးဦးဝင်းအောင်(သင်္ချာ)အတန်းမဝင်ခင် သားသားမီးမီးတွေနှင့် စကားပြောဖြစ်ပါတယ်။ စာကျက်သူကကျက်နေပြီး သင်္ချာတွက်သူက တွက်နေကြပါတယ်။ အဓိပတိလေးပါးကို အောင်မြင်ကြောင်းတရားလေးပါး ခေါင်းစဉ်နှင့် သြဝါဒပေးခဲ့ပါတယ်။

ဆန္ဒရယ်၊ ဝီရိယရယ်၊ ဇွဲရယ်၊ နည်းစနစ်ရယ်ပါ။ ငယ်စဉ်စာသင်သားဘဝ ရဟန်းသိက္ခာ နှစ်ဝါအရွယ်မှာ ကိုယ်တိုင်စပ်ဆိုခဲ့တဲ့ ဘာမဆိုအောင်ရမည် ကဗျာလေးကို နှုတ်တိုက်ပို့ချပြီး စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးခဲ့ပါတယ်။

ပါရမီအလင်းရောင် ပရဟိတ လူငယ်မောင်မယ်လေးများက နှာခေါင်းစီးများ လာရောက်လှူဒါန်းကြပြီး ကျောင်းသူကျောင်းသားအားလုံးအတွက် သောက်ရေသန့်ကုန်ကျသလောက် လှူဒါန်းမည်ဖြစ်ကြောင်း လာရောက်လျှောက်ထားတာတွေ့ရပါတယ်။

ပါရမီအလင်းရောင်ပရဟိတအဖွဲ့ဟာ ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက် ကံကြီးကုန်းရွာ မြရည်နန္ဒာရပ်ကွက်တို့မှ လူငယ်မောင်မယ်များဖြင့် ဖွဲ့စည်းထားတဲ့အဖွဲ့ပါ။

စာရေးသူနှင့် အခုမှပဲတွေ့ရပါတယ်။ နေ့စဉ်ရေသန့်ဘူးကြီး လေးငါးဘူးခန့် ကုန်ကျကြောင်း သိရပါတယ်။ ပါရမီအလင်းရောင်ပရဟိတအဖွဲ့ လူငယ်မောင်မယ်လေးများကိုကြည့်ပြီး အနာဂတ်အတွက် အားတက်ခဲ့ပါတယ်။ လောကအလင်းမှာ မူဆလင်ကျောင်းသူလေးတွေလည်း တက်တယ်ဗျ။ သူတို့အောင်ရင် ဆုချဦးမှာ။ ဂုဏ်ထူးတွေရရင် ပိုပြီးတော့တောင်ဆုချဦးမှာ။