သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၅)

နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေစောင်းမှာ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ ကံပေါက်ကျေးရွာ ရွှေစေတီဆရာတော်ဘုရားကြီးရဲ့ သက်တော် ၉၀ နှစ်ပြည့် မွေးနေ့ပွဲသို့ အရောက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

စာရေးသူ ကံပေါက်မရောက်ခင်မှာပဲ သတင်းတစ်ခုကြားရပါတယ်။ စာရေးသူကို ရွာသူရွာသားအချို့က ဆန္ဒပြဖို့ စီစဉ်နေကြောင်းပါ။ စာရေးသူလည်း ဒါမျိုး တစ်ခါမှ မကြုံဖူးတော့ ပြစေချင်တာပေါ့နော်။ သူတို့နှင့် တွေ့တဲ့အခါကျမှ ဘာကိုမကြိုက်တာလဲ ဘာကြောင့် မကြိုက်တာလဲ စသဖြင့် သူတို့ရဲ့ ရင်တွင်းစကားကို သိရအောင်မေးမယ်။ ပြီးမှ စိတ်ရှည်ရှည်ထားပြီး ရှင်းပြမယ်။ ဒီကြားထဲမှာမှ နင်ပဲငဆ လုပ်လာရင် သည်းခံမယ်လို့ တွေးလာခဲ့တာပါ။

ဒါပေမဲ့ စာရေးသူတို့ နောက်ကျသွားပါတယ်။ ရွှေစေတီဆရာတော်ကြီးက စာရေးသူတွေးထားသလိုပဲ ခေါ်မေးလိုက်တဲ့အခါ လုံးဝချမပြနိုင်ဘူးဖြစ်သွားတာကြောင့် ဆန္ဒပြမည့်အစီအစဉ် ပျက်ပြယ်သွားတာပါ။ စာရေးသူတို့ ကံပေါက်ရွာရောက်လို့ လေးငါးမိနစ်ပဲ ရှိပါသေးတယ်။ ဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး ရွာသူရွာသားတွေကို မိတ်ဆက်စကား ပြောကြားနေတုန်းမှာပဲ ရေဖြူထွေအုပ်ဆိုသူ ရောက်ရှိလာပါတယ်။ သူက မဟနအမိန့်စာကို တသွေမတိမ်းလိုက်နာဖို့ လာလျှောက်တာပါ။ စာရေးသူကလည်း သူနားလည်အောင် သေချာရှင်းပြပါတယ်။

မဟနပိတ်ပင်ထားတဲ့ တရားပွဲဆိုတာ ပွဲမိန့်ခံပြီး ကျင်းပရတဲ့ တရားပွဲမျိုးဖြစ်တယ်။ ဥပမာ ကွင်းပြင်ထဲ၊ လမ်းဆုံ လမ်းမ အရပ်ထဲ ရွာထဲမှာကျင်းပတဲ့ တရားပွဲမျိုးသာ ဟောခွင့်မရတာပါ။ ပွဲမိန့်ခံစရာမလိုတဲ့ ဘုန်းကြီးကျောင်းတိုက်ထဲက တရားပွဲ၊ ဓမ္မာရုံထဲမှာ ကျင်းပတဲ့ အခမ်းအနားတွေမှာ သီလပေး၊ သြဝါဒပေး၊ ဟောပြောပေးလို့ ရတဲ့အကြောင်းနှင့် အလှူတရားပွဲတွေမှာ တရားဟောခွင့် ရှိကြောင်း ပြောပြပါတယ်။

ထွေအုပ်ဆိုသူက စာရေးသူပြောတာကို ပယ်ချပြီး အများပြည်သူကို ဟောပြောတာမှန်သမျှ တားမြစ်ထားတာဖြစ်ကြောင်း ပြောဆိုကာ စာရေးသူဟောပြောမှာကို လုံးဝတားမြစ်ပါတယ်။ လုံးဝ ခွင့်မပြုနိုင်ပါဘူးလို့ တစ်ချက်လွတ် အမိန့်ထုတ်နေပါတယ်။
ဒီလိုနဲ့ ခြောက်မိနစ်ကျော် အခြေအတင် ပြောဆိုပြီးတဲ့အခါ ကျောင်းရှေ့မှစောင့်ကြည့်မယ်ဟုဆိုကာ ပြန်သွားပါတယ်။
မွေးနေ့ရှင် ဆရာတော်ကြီးကတော့ မျက်နှာမကောင်းရှာပါ။ စာရေးသူတို့ အခြေအတင်ပြောနေစဉ် ငြိမ်နားထောင်နေပြီး နောက်ဆုံးမှ စကားတစ်ခွန်း ဝင်ပြောရှာပါတယ်။

ငါ အသက် ၉၀ ပြည့်ပါပြီ။ တရားပွဲပိတ်ပင်တားဆီးတာ တစ်ခါမှ မကြုံခဲ့ပါဘူး။ မင်းတို့လက်ထက်ကျမှကွာ တရားပွဲကို လာပိတ်ရတယ်လို့ ဟု ဝမ်းနည်းပက်လက်နဲ့ မိန့်တော်မူပါတယ်။ ရေဖြူထွေအုပ်ဟာ မြို့နယ်အဆင့် အာဏာလေးကို ဘယ်လောက်ထိ မြှင့်တွက်ထားလဲ မသိပါဘူး။ သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးမွေးနေ့ကို သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးကျောင်းတိုက်ထဲမှာ ကျင်းပတာတောင် စာရေးသူပါလို့ဟုဆိုကာ သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီးကို ကျော်လွန်ပြီး အာဏာလာပြနေတာပါ။

ရွာသူရွာသားတွေလည်း အတော်ကြောက်တတ်ပုံရပါတယ်။ ထွေအုပ်ဝင်လာတဲ့အခါ အလိုလို ရှဲသွားကြကာ လမ်းဖယ်ပေးပြီးသား ဖြစ်သွားပါတယ်။ စကားပြောသံဆိုတာဝေးလို့ ချောင်းဟန့်သံတောင် မကြားရတော့ပါ။ ဒါကို အခွင့်ကောင်းယူပြီး ဖြဲခြောက်ဖို့ လာပုံရပါတယ်။

ရေဖြူထွေအုပ်ထွက်သွားပြီး မကြာခင်မှာပဲ အသံချဲ့စက်ဆရာရောက်လာပါတယ်။ ရဲတွေကလာပြောတယ်။ ရွာထဲထိ အသံမထွက်စေဘဲ တရားနာပရိသတ်လောက်ပဲ ကြားရအောင် ဆောင်းဘောက်နှစ်လုံးပဲ သုံးပါလို့ ဆိုပါတယ်။ စာရေးသူက ရဲတွေကိုလည်း မကြောက်ဖို့၊ လော်စပီကာတွေကိုလည်း မဖြုတ်ဖို့ အားပေးစကားပြောပေမယ့် စာရေးသူတို့ ပြန်သွားရင် သူပဲ အဖမ်းခံရမှာဆိုပြီး ကြောက်လန့်နေပါတယ်။ ဒါဆို ခင်ဗျားစက်တွေအကုန်ဖြုတ်ပြီး အိမ်ပြန်သွားပေတော့။ ကျောင်းကစက်နဲ့ပဲ ကျင်းပမယ်လို့ပြောပြီး စက်တွေပြောင်းပစ်ရပါတယ်။

စာရေးသူတို့ ရောက်မလာခင်မှာလည်း တစ်နေ့လုံးလိုလို ကပ္ပိယတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းလိုက်၊ ဂေါပကတွေကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းလိုက်နဲ့ ဖိအားတွေပေးနေကြောင်း လက်မှတ်ထိုးဇယားတွေပြပြီး လျှောက်ထားကြပါတယ်။ ဆရာတော်ကြီးက ဆက်မိန့်ပါတယ်။ ငါ တရားပြလာတာ နှစ်ငါးဆယ်ရှိပြီ။ မင်းတို့ အမိန့်ရမှ တရားပြရမယ်ဆိုရင် ဘယ်တော့မှ မဟောဘူးလို့ ပြန်ပြောလိုက်ကြောင်း မိန့်တော်မူတာပါ။

မူလအစီအစဉ်က မွေးနေ့ပွဲအခမ်းအနားကျင်းပဖို့သက်သက်ပါ။ နမောတဿဖြင့် အခမ်းအနားဖွင့်မယ်။ ဆရာတော်ကြီးထံ ငါးပါးသီလခံယူမယ်။ ဆရာတော်ကြီးက သြဝါဒတရားချီးမြှင့်မယ်။ စာရေးသူက ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတရားကို ချီးကျူးပူဇော်မယ်။ ဗုဒ္ဓသာသနံဖြင့် အခမ်းအနား အဆုံးသတ်မယ်။ ဒီလောက်လေးပဲ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ထွေအုပ်က လာနှောက်ယှက်တာကြောင့် တစ်နာရီသာသာ တရားတစ်ပွဲစာ ဟောကြားလိုက်ပါတယ်။ စစ်မနိုင်မြို့ တရားပါ။

ဒီမိုကရေစီဆိုတာ အစိုးရကို ပြည်သူကကြောက်စရာမလိုဘဲ အစိုးရကသာ ပြည်သူကို ကြောက်ရတဲ့ စနစ်ဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူက ဝန်ထမ်းတွေကို ကြောက်စရာမလိုဘဲ ဝန်ထမ်းတွေကသာ ပြည်သူကို ကြောက်ရမှာဖြစ်ကြောင်း ဟောကြားပြီး ဘယ်သူ့ကိုမှ မကြောက်ကြဖို့ အားပေးခဲ့ပါတယ်။

အခမ်းအနားအစအဆုံးကို ထားဝယ်မဘသ ညီနောင်များက Facebook မှာ Live လွှင့်ပေးထားတပါတယ်။ ရွှေစေတီဆရာတော်ကြီးရဲ့ မွေးနေ့ပွဲအပြန် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ သတင်းတစ်ခု ထပ်ကြားရပြန်ပါတယ်။ မကွေးကျောင်းဆရာတော် ဦးပါမောက္ခကို သင်္ကန်းချွတ်လူဝတ်လဲ ဖမ်းဆီးလိုက်တဲ့သတင်းပါ။

အမေရိကန်သံရုံးက ရိုဟင်ဂျာဆိုတဲ့စကားလုံးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်းစော်ကားလာတာကို မခံနိုင်လို့ အမေရိကန်သံရုံးရှေ့သွားပြီး No Rohingya ကမ်ပိန်းလုပ်ပြီး ကန့်ကွက်ခဲ့ကြတာကို နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါတယ်။ ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ နေဝင်းအောင်၊ ကိုဖိုးသားနှင့် သံဃာတော်သုံးပါးကို တရားစွဲတာပါ။ သံဃာတော်သုံးပါးထဲမှာ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ပါပါတယ်။ အဲဒီတုန်းက သံဃာတော်သုံးပါးကို ဝရမ်းထုတ်ထားရာမှ ဦးပါမောက္ခကို စတင်ဖမ်းဆီးတာပါ။

ဦးသိန်းစိန်အစိုးရတုန်းကလည်း အမေရိကန်သံရုံးရှေ့မှာ အခုလိုပဲ ဆန္ဒပြခဲ့ကြတာပါပဲ။ ဦးသိန်းစိန်အစိုးရက သူ့နည်းသူ့ဟန်နှင့် ဖြေရှင်းသွားတာပါ။ သံဃာတွေမပြောနဲ့ လူတွေကိုတောင် မဖမ်းခဲ့ပါဘူး။ အခုဟာက NO Rohingya ပြောသူတွေကို အစိုးရက ဖမ်းတယ်ဆိုတော့ အစိုးရက ရိုဟင်ဂျာကို လက်ခံရာ ရောက်သွားပါပြီ။

ရိုဟင်ဂျာကို ကန့်ကွက်တာနဲ့ပဲ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတော့ အမြှီးအမောက်တစ်ခြားစီ ဖြစ်သွားပါပြီ။
မိုက်ကယ်ကျော်မြင့်ကို ၅၀၅(ခ)နဲ့ပဲ ဖမ်းလိုက်တာပါ။ မိုက်ကယ်ကျော်မြင့်က ခွင့်ပြုချက်(ပွဲမိန့်) တောင်းထားရုံပဲ ရှိပါသေးတယ်။ ဘာမှ ဖွင့်မချရသေးပါဘူး။ ဒါကိုပဲ နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းလိုက်တာပါ။ ပြစ်မှု မကျူးလွန်ခင် ကြိုတင်ဖမ်းတယ်ဆိုတော့ မြန်မာ့ဥပဒေကြီးက တစ်မျိုးကြီးပေါ့နော်။

ဒီမိုကရေစီဆိုရင် အစိုးရက သဘောထားကြီးရပါမယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီမိုကရေစီမပီပြင်သေးပါဘူး။ ဒါပေမဲ့ ဒီအစိုးရထက်တော့ အများကြီးသဘောထားကြီးတယ်ဗျ။

ဝီရသူ(မစိုးရိမ်)