Uncategorizedဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၆)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၆)

“ စိတ်ပျိုကိုယ်နု ဒီဃာယု ကျင့်စဉ် ”

(ဆရာတော်ဦးဝီရသူ၏ နှစ်သစ်အထူးလက်ဆောင်)

————————————————-

ပဋ္ဌာန်း ၂၄ပစ္စည်းတွင် အာရမ္မဏပစ္စည်း ပါဝင်သည်။ ပါဠိလို အာရမ္မဏပစ္စယောဟု ဆိုကြသည်။ အာရမ္မဏ (အာရုံ)၊ ပစ္စယ(အကြောင်း) အာရုံအကြောင်းတရားဖြစ်၏။ စိန္တေတိ အာရမ္မဏံ ဝိဇာနာတီတိ စိတ္တံဟုလည်း စာရှိသည်။ အာရုံကို ကြံစည်တတ် သိရှိတတ်သောကြောင့် စိတ်ဟု ခေါ်ကြသည်။ စိတ်သည် အာရုံနှင့် မကင်းနိုင်ပါ။ ထို့ကြောင့် အာရုံများသည် စိတ်ဖြစ်ပေါ်လာခြင်း၏ အာရုံအကြောင်းတရားအဖြစ် ရပ်တည်နေခြင်း ဖြစ်ပါသည်။ အာရုံအကြောင်းတရားကြောင့် စိတ်ဖြစ်ပေါ်လာရခြင်းဖြစ်ရကား အာရုံသည် စိတ်၏အကြောင်းတရား။ အာရုံသည် စိတ်၏အစာ (စားကျက်)ဟု ဆိုနိုင်ပေသည်။ ဤအဓိပ္ပါယ်ကို အိုးဘိုရောက်မှ နက်ရှိုင်းစွာ တွေးမြင်မိခြင်း ဖြစ်ပေသည်။ အိုးဘို၌နေရစဉ် အာရုံကောင်းများ မမြင်ရ၊ မကြားရ၊ မတွေ့ကြုံရပေ။ နေ့စဉ်နှင့်အမျှ အနိဋ္ဌာရုံများသာ ကြားမြင်ခံစားနေရပေသည်။ ထိုအခါ စိတ်သည် မွန်းကြပ်၍လာ၏။ ပူအိုက်ခြောက်သွေ့၍ လာ၏။ စာဖတ်ခြင်း၊ ပရိတ်ပဋ္ဌာန်းရွတ်ခြင်း၊ ဝိပဿနာတရား ရှုမှတ်ခြင်းဖြင့် ကုစားသော်လည်း ထင်သလောက် မစိုပြေခဲ့ပေ။ ထိုအခါ စိတ်သည် အာရုံကောင်းများကိုသာ တောင့်တ၍ နေလေတော့၏။ ဣဋ္ဌာရုံလေးများ မြင်ချင်သည်၊ ဣဋ္ဌာရုံလေးများ ကြားချင်သည်၊ ဣဋ္ဌာရုံလေးများ ခံစားချင်သည်။ နေ့စဉ်နှင့်အမျှ ဘုရားတရားနှင့် နေထိုင်လေ့ရှိသော စာရေးသူပင် ထိုသို့တောင့်တမိနေလျှင် ဘုရားတရားနှင့် ဝေးကွာလွန်းသော သာမန်အကျဉ်းသားများ၏စိတ်သည် အဘယ်မျှ ပူလောင်မွန်းကြပ် ခြောက်ကပ်၍ နေလေမည်နည်းဟု စာနာစိတ်များ ဖြစ်ပေါ်မိပေသည်။ ထို့ကြောင့် စာရေးသူသည် ထောင်ပိုင်ကြီးထံ ‘အချိန်သတ်မှတ်၍ FM ရေဒီယိုဖွင့်ပေးဖို့’ တင်ပြခဲ့ပေသည်။ FMရေဒီယိုနားထောင်ခွင့်ရသည့်အခါမှ အကျဉ်းသားများဘဝ လူနှင့်တူသွားခဲ့ရလေသည်။ လူ့ပြည်အပြင်ဘက်ရောက်နေသလို ခံစားနေရရာမှ လူ့ပြည်ထဲမှာပင် ရှိနေသည်ဟူသည့် အသိနှင့် အာရုံကောင်းလေးများ ခံစားရသည့် အရသာကြောင့် ဆဲသံဆိုသံ ရန်ဖြစ်သံ တီးတိုးညည်းတွားသံများ တဒင်္ဂဆိတ်သုဉ်းသွားကာ သီချင်းလိုက်ဆိုကြ၊ စာသားတွေရွတ်ကြ၊ ဂီတာတီးဟန်လုပ်ကာ ဝိုင်းဖွဲ့ကခုန်ကြနှင့် အိုးဘိုထောင်တွင် အလွန်တရာ သာယာစိုပြေ၍ သွားပေတော့၏။ ခြောက်သွေ့အာရုံများအပေါ် မိုးရွာချလိုက်၍ စိမ်းလန်းစိုပြေသွားခြင်းပင်။ ဘဝပေါင်းများစွာ သာယာစိုပြေအောင် ကျေးဇူးပြုခဲ့မိသည်ကား အာရမ္မဏပစ္စည်း၏ အနက်အဓိပ္ပါယ်ကို နက်ရှိုင်းစွာ သိရှိမိသည်မှ စတင်ခဲ့ခြင်း ဖြစ်လေသတည်း။

အာရုံသည် စိတ်၏စားကျက်၊ အာရုံသည် စိတ်၏အာဟာရ၊ အာရုံသည် စိတ်၏အစာဟု မှတ်ယူထားပါသည်။ ထို့ကြောင့် စာရေးသူသည် အာရုံကြမ်းကြီးများကို ရှောင်ကြဉ်ပါသည်။ လက်ဝှေ့ပွဲများ သွေးသံရဲရဲသတ်ဖြတ်ပွဲများ၊ စစ်ပွဲများ မကြည့်ရဲပါ။ ၎င်းတို့ကို ကြည့်မိလျှင် နှလုံးအိမ်နာကျင်ပါသည်။ မစိုးရိမ်တိုက်သစ် နာယကဖြစ်ခါစ ဆွမ်းခံစဉ် ဆွမ်းခံအိမ်၌ အမေရိကန်နပန်းသတ်ပွဲ အမြဲဖွင့်ထားရာ ဆန်ပြုတ်သောက်ရင်း မကြာခဏ ကြည့်ရှုမိသွားပေသည်။ နှလုံးအိမ်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ချေမွပစ်သလို ခံရခက်သည့်ဝေဒနာမျိုး ခံစားရပါသည်။ ဆွမ်းဒကာကြီးက ‘ဆရာတော် တော်တော်သတ္တိကောင်းတယ်’ဟု ရယ်သွမ်းသွေး၍ လျှောက်ထားရသည်အထိ ဖြစ်ခဲ့ဖူးလေ၏။ အာရုံကြမ်းများခံစားခြင်းသည် အသက်တိုကြောင်းပင်။ အာရုံကြမ်းများ ခံစားတတ်သော စိတ်သည် နှလုံးအိမ်ကို ဒဏ်ရာအနာတရဖြစ်အောင် လုပ်ဆောင်တတ်ပေသည်။ ကြည့်ရှုနေစဉ် ရံဖန်ရံခါ ဆက်ကနဲ ဖြတ်ကနဲ လက်ဟန်ခြေဟန်လျင်မြန်စွာလှုပ်ရှားသွားသည်ကို သတိပြုမိလိုက်ပေသည်။ ဘောလုံးပွဲဆိုလျှင် ကိုယ်တိုင်ဝင်ကန်သလို လက်ဝှေ့ပွဲဆိုလျှင် ကိုယ်တိုင်ဝင်ထိုးသလိုပုံစံမျိုးထိ ခံစားရတတ်ပါသည်။ နှလုံးအားမကောင်းသူများ အသက်ဆုံးရှုံးနိုင်ပေသည်။ ထို့အတူ အပြင်းစားအာရုံများ ခံစားကြသူများ အသက်တိုနိုင်ပေသည်။

စာချခြင်း၊ စာကြည့်ခြင်း၊ စာတွေးခြင်း၊ စာရေးခြင်းသည် အာရုံကြမ်းများ ခံစားခြင်းမဟုတ်ပါ။ အာရုံနုများ ဖြစ်ပါသည်။ အမျိုးသားရေးနှင့်ပတ်သက်သည့် လုပ်ငန်းများသည် အာရုံကြမ်းများမဟုတ်ပါ။ အာရုံနုများသာ ဖြစ်ပါသည်။ သို့သော် နေ့စဉ်နှင့်အမျှ အချိန်ရှိသရွေ့ လုပ်နေရသဖြင့် အာရုံများ ငြီးငွေ့တတ်ပါသည်။ အာရုံနုများဖြစ်သော်လည်း အာရုံခြောက်များဖြစ်နေ၍ မစိုပြေလှပါ။ ထိုအခါ စိတ်လည်း အာဟာရမဖြစ်ပါ။ အပန်းပြေ သဘာဝအလှ ရှုခင်းများကို ကြည့်ရှုခြင်း၊ လေနုအေးလေးများ ရှူရှိုက်ခြင်း၊ ရယ်စရာရွှင်စရာများ ပြောဆိုခြင်းဖြင့် အာရုံပြောင်း၍ ကုစားရပါသည်။ ကလေးအဆိုတော်လေးများ သီချင်းဆိုသည်ကို ကြည့်ရှုပါသည်။ အဆိုပြိုင်ပွဲများ အကပြိုင်ပွဲများ အားပေးပါသည်။ ဟာသပျက်လုံးများ နားထောင်ပါသည်။ လူသားနှင့် တိရစ္ဆာန်တို့၏ ချင်ခြင်းမေတ္တာနှင့် သံယောဇဉ်အကြင်နာများ၊ တိရစ္ဆာန်အချင်းချင်း၏ ကြင်နာစွာ ကူညီဖေးမ ပြုစုမှုများ အစရှိသည့် ကြည်နူးဖွယ်အာရုံများကို ခံစားပါသည်။ အာရုံနုလေးများ အာရုံစိုလေးများ ခံစားသဖြင့် ကိလေသာအကြမ်းစား အပြင်းစားများ ဖြစ်ခွင့်မရတော့ပေ။ ထိုအခါ စိတ်လည်း ပူလောင်မွန်းကြပ် နာကျင်ခံခက်သည့် ဝေဒနာမျိုး မခံစားရတော့ပေ။

ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ (အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့)ဟူ၍ အာရုံခြောက်မျိုး ရှိပေသည်။ ၎င်းအာရုံတစ်မျိုးချင်းစီမှာပင် ခြောက်မျိုးစီ ခွဲခြားကြည့်နိုင်ပါသည်။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟတို့၏ အာရုံဖြစ်သဖြင့် လောဘအဆင်း(လောဘအာရုံ)၊ ဒေါသအဆင်း(ဒေါသအာရုံ)၊ မောဟအဆင်း (မောဟအာရုံ)၊ လောဘအသံ၊ လောဘအနံ့၊ လောဘအရသာ၊ လောဘအတွေ့၊ လောဘအတွေး စသည်တို့ ဖြစ်ပါသည်။ တပ်မက်စွဲလန်းဖွယ်ရာ အပြင်းစားအဆင်းသည် လောဘအာရုံကြမ်းဖြစ်ပါသည်။ ကြည်နူးဖွယ်ရာ အာရုံနုနုလေးများသည် လောဘအာရုံ အနုလေးများ ဖြစ်ပါသည်။ အကြမ်းစား စစ်ပွဲများ၊ သွေးသံရဲရဲ သတ်ဖြတ်ပွဲများ၊ လက်ဝှေ့ပွဲများသည် ဒေါသအာရုံကြမ်းများ ဖြစ်ကြပါသည်။ မခံချင်မှန်းသိသဖြင့် မခံချင်အောင် ကြည်စားနောက်ပြောင်ခံရခြင်းသည် ဒေါသအာရုံအနုလေးများ ဖြစ်ပါသည်။ မူးယစ်ထုံထိုင်းမှိုင်းဝေစေသည့် မူးယစ်သေစာများသည် အပြင်းစားမောဟအာရုံကြမ်းများ ဖြစ်ကြပါသည်။ လောင်းကြေးမပါသည့် စစ်တုရင်ကစားခြင်း၊ ကျားထိုးခြင်း စသည်တို့သည် မောဟအာရုံနုလေးများ ဖြစ်ကြပါသည်။

အာရုံကြမ်းလျှင် စိတ်ကြမ်းမည်။

စိတ်ကြမ်းလျှင် ရုပ်ကြမ်းမည်။

အာရုံနုလျှင် စိတ်နုပျိုမည်။

စိတ်နုလျှင် ရုပ်နုပျိုမည်။

အာရုံခြောက်သွေ့လျှင် စိတ်ခြောက်သွေ့မည်။

စိတ်ခြောက်သွေ့လျှင် ရုပ်ခြောက်သွေ့မည်။

အာရုံစိုပြေလျှင် စိတ်စိုပြေမည်။

စိတ်စိုပြေလျှင် ရုပ်စိုပြေမည်။

ထို့ကြောင့် မိမိစိတ် စိမ်းလန်းစိုပြေ သာယာအေးမြလိုလျှင် အာရုံကြမ်း၊ အာရုံခြောက်များကို ရှောင်ကြဉ်၍ အာရုံနုလေးများ ခံစားရပါမည်။ အလောဘ အဒေါသ အမောဟတို့၏ အာဟာရဖြစ်သော ဒါန သီလ ဘာဝနာ ကုသိုလ်အာရုံ ဘာဝနာလုပ်ငန်းကို အချိန်တစ်ခုသတ်မှတ်၍ နေ့စဉ်ဆည်းပူးကြလျှင်မူ လောဘ ဒေါသ မောဟတို့ကြောင့် ပူလောင်ခြောက်သွေ့ မွန်းကြပ်တင်းမာနေသောစိတ်ကို ပြန်လည်ကုစားပြီးသား ဖြစ်သွားပေလိမ့်မည်။

စိတ်ဖိစီးခြင်းဆိုသည်မှာ စိတ်ပင်ပန်းခြင်း၊ စိတ်ပူလောင်ခြင်း၊ စိတ်ခြောက်သွေ့ခြင်း၊ စိတ်မွန်းကြပ်ခြင်း ဖြစ်ပါသည်။ အထူးအားဖြင့် အာရုံလိုက်စားမှုကြီးမားသူများနှင့် ဉာဏလုပ်သား စီးပွားရေးသမားများမှာ အဖြစ်များပါသည်။ ၎င်းတို့သည် စိတ်ဖိစီးမှုလျော့ကျစေရန် ဆေးစားခြင်း၊ အာရုံကြမ်းများ၊ အပြင်းစားအာရုံများ ပြောင်းလဲခံစားခြင်းများ ပြုတတ်ကြပါသည်။ ဆေးဝါးများသည် ခန္ဓာကိုယ်ကိုသာ ကုစားနိုင်ပြီး စိတ်ကို မကုစားနိုင်သဖြင့် အနာတစ်ခြား ဆေးတစ်ခြား ဖြစ်နေတတ်ပါသည်။ အာရုံကြမ်းများ ပြောင်းလဲခံစားခြင်းသည် ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ပို၍ဆိုးဝါးစေပါသည်။ အာရုံနုလေးများကို ပြောင်းလဲခံစားခြင်း၊ တရားဘာဝနာ ရှုမှတ်ခြင်းများဖြင့် စိတ်ကိုကုစားပါမှ စိတ်ဖိစီးမှု ပျောက်ကင်းကာ လွတ်လပ်ပေါ့ပါး သန့်ရှင်းကြည်လင် တည်ငြိမ်အေးချမ်း သာယာစိုပြေမည် ဖြစ်ပါသည်။

စာရေးသူ စာသင်တန်းအောင်ပြီး စာချတစ်ပိုင်း စာသင်သားတစ်ပိုင်းဘဝဖြင့် ပရိယတ္တိတာဝန်များ လုပ်ဆောင်စဉ်၌ ရုပ်မြင်သံကြားအစီအစဉ်တစ်ခု အမြဲကြည့်ရှုလေ့ရှိပါသည်။ “ဆိုကြမယ် ပျော်ကြမယ်”အစီအစဉ်ရှိသည့်နေ့ဆိုလျှင် ရပ်ကွက်ကျောင်းလေးတစ်ကျောင်းမှာ သွားရောက်ကြည့်ရှုတတ်ပါသည်။ ကြည်နူးစရာကောင်းပါသည်။ နောင်အခါ “ချစ်စရာအရွယ် ကစားကြမယ်”အစီအစဉ်နှင့် ကလေးအဆိုပြိုင်ပွဲများကို ကြည့်ရှုအားပေးပါသည်။ ကလေးအဆိုပြိုင်ပွဲရှိမှန်း စတင်သိရှိချိန်ကား ၂၀၁၁ခုနှစ် မြစ်ဆုံထောင်မှာဖြစ်ပါသည်။ မြစ်ဆုံထောင်မှာ တီဗွီကြည်ရှုခွင့်ရသဖြင့် ကလေးအဆိုပြိုင်ပွဲရှိမှန်း သိခဲ့ရခြင်း ဖြစ်ပါသည်။ မလွတ်တန်းအားပေးခဲ့ပါသည်။ စိတ်တွေ ပူလောင်မွန်းကြပ် ခြောက်ကပ်နေသည့်ကာလဖြစ်သောကြောင့် အာရုံနုလေးများဖြင့် ကုစားလိုက်ခြင်း ဖြစ်ပါ၏။

စာရေးသူသည် တိရစ္ဆာန်လေးများကို ချစ်ခင်ကြင်နာတတ်ပါသည်။ ငှက်အလှလေးများ တွေ့မြင်ရလျှင် အရသာခံ၍ ကြည့်နေတတ်သလို ငှက်ကလေးများ အစာလာစားအောင်လည်း အမြဲတွေးကြံနေတတ်ပါသည်။ သဟာယကျောင်းရှေ့မှာ နေ့စဉ်မနက်တိုင်း ဂျိုးလေး ခိုလေးများနှင့် ရှဥ့်လေးများကို အစာကျွေးပါသည်။ စိတ်အပန်းပြေပါသည်။ ခွေးလေးကြောင်လေးများနှင့် တွတ်တီးတွတ်တာ ပြောဆိုပြုစု ယုယပိုက်ထွေးရလျှင် သာ၍ပင်စိတ်ပျော်ရွှင်စေပါသည်။ အိပ်ခန်းထဲမှာ လဲလျောင်းအနားယူနေစဉ် ကြောင်ကလေးများ ပြေးလွှားဆော့ကစားရင်း စာရေးသူကိုယ်ပေါ် ကျော်ခွပြေးကြ၊ တူတူပုန်းကြ လုပ်နေကြသည်နှင့် ကြုံရသည့်အခါတိုင်း စိတ်ချမ်းသာနေတတ်ပေသည်။ တရားထိုင်နေလျှင်လည်း ချမ်းသာမပေးကြပါ။ ပုခုံးပေါ်ထိ တက်ပုန်းသူကပုန်း ဦးခေါင်းပေါ်ထိ တက်ပုန်းသူကပုန်းနှင့် စာရေးသူသည် ကြောင်ကလေးများ၏ ကစားကွင်းကြီးသဖွယ် ဖြစ်နေပေတော့၏။ စိတ်ချမ်းသာစရာပင်။

ရောက်လေရာအရပ်၌ ခွေးများက စာရေးသူအပေါ် ခင်မင်တွယ်တာကြသည်နှင့် ကြုံရသလို ခွေးများ၏ စောင့်ရှောက်မှုကြောင့် စိတ်လုံခြုံစွာ နေထိုင်ခွင့်ရခဲ့ပါသည်။ စာရေးသူ စင်္ကြံလျှောက်၍ ပရိတ်ရွတ်နေလျှင် ခေါက်တုံ့ခေါက်ပြန် နောက်မှလိုက်သူကလိုက်၊ ရင်ဘတ်ကို သူတို့ရှေ့ခြေထောက်ဖြင့် ထောက်၍ ပါးကိုလှမ်းနမ်းသူက နမ်း၊ ရှေ့နောက်သင်္ကန်းကို ကိုက်ယူဆွဲရမ်းသူက ရမ်း၊ ထိုင်နေလျှင် ရင်ခွင်ထဲ ခေါင်းတိုးဝှေ့ကာ တအီအီတအင်အင်ဖြင့် ချွဲနွဲ့သူက ချွဲနှင့် မိဘနှင့်ရင်သွေးငယ်လေးများအလား သံယောဇဉ်တွယ်တာနေကြသည်နှင့် ကြုံရတိုင်း ဝမ်းသာကြည်နူးမိတတ်ပါသည်။ ခွေးလေး ကြောင်လေးများနှင့် ဆော့ကစားရခြင်းသည်လည်း စိတ်ပျိုကိုယ်နု ဒီဃာယု(အသက်ရှည်)၏ အကြောင်းတရားအစစ် ဖြစ်ပါပေသတည်း။

“ စိတ်ပျိုကိုယ်နု ဒီဃာယု ကျင့်စဉ်”ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)

19.7.2020