သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၀-ဂ)

“ ကျောင်းသန့်ရှင်းရေး ကုသိုလ်တော်”
———————————————–—

လေဆိပ်၊ ယာဉ်ရပ်နားစခန်း၊ စက်ဆီဆိုင် စသည်တို့သို့ရောက်လျှင်လည်း သူတစ်ပါးအညစ်အကြေးများကို ဆေးကြောသန့်စင်ပြီးမှ မိမိကိစ္စဖြေရှင်းပါသည်။ မိမိကိစ္စပြီးလျှင်လည်း သူတစ်ပါးအခက်မတွေ့ရစေရန် ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးခဲ့ပါသည်။ ဖင်ထိုင်ကွင်း(ကရွတ်ခွေ)ပေါ်တွင် ရေတစ်စက်မျှ တင်ကျန်မနေစေရပါ။ အချို့နေရာများတွင် ရေပိုက်ခေါင်းဖွင့်ချကာ ကြွေခွက်နှင့်ကြမ်းပြင်ကို ဘရက်ရှ်ဖြင့် ပွတ်တိုက်ဆေးကြောတတ်ပါသည်။ ဆေးကြောလောက်အောင် မညစ်ပေလျှင် ရေပိုက်ခေါင်းဖွင့်၍ လက်ဆေးကန်ကို ရေဖြည့်ခဲ့ပါသည်။ နောက်လူများ အလွယ်တကူသုံးရသဖြင့် မိမိကုသိုလ်တိုးပွားလာပါသည်။

လောကအလင်းပညာဒါနကျူရှင်ကျောင်းရောက်သည့်အခါတိုင်းတွင်လည်း အိမ်သာများရှိရာသို့ အမြဲသွားကြည့်လေ့ရှိပါသည်။ အိမ်သာသန့်ရှင်းရေးကို အထူးအလေးပေးပါသည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် သီးခြားစီခွဲခြားလုပ်ပေးထားသဖြင့် စာသင်ချိန်တွင် အိမ်သာသန့်ရှင်းရေးကုသိုလ်ယူ၍ အကောင်းဆုံးဖြစ်ပါသည်။ တပည့်များ၊ ဒကာများက နောက်ဖေးသွားသည်ထင်၍ အိမ်သာသန့်ရှင်းရေးလုပ်နေသည်ကို မသိရှိကြပါ။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်းရောက်လျှင်လည်း အိမ်သာအမြဲသန့်ရှင်းပေးပါသည်။ ကျောင်းသားများကိုလည်း ခေါ်ယူလမ်းပြပါသည်။ ဝေဘူဆရာတော်၊ လယ်တီဆရာတော်တို့၏ သြဝါဒများကို ပြန်လည်ပို့ချကာ မရွံရန်၊ မပျင်းရန်၊ သတိပေးပါသည်။ ကုသိုလ်ရကြောင်း၊ အကျိုးကြီးကြောင်း ဟောပြောတတ်ပါသည်။ ဆရာတော်ကိုယ်တိုင်လုပ်သည်ကို အမြဲတွေ့မြင်နေရသဖြင့် ကျောင်းသားများလည်း အားတက်သရော လုပ်ကြပါသည်။ မန်းမဟော်သဓာသို့ ရောက်သည့်အခါတိုင်း ကျူရှင်ကျောင်းအိမ်သာတက်ရသည်မှာ စိတ်ချမ်းသာစရာကောင်းလှပါတော့၏။

မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း အိမ်သာများကား ထိုသို့မဟုတ်ပါ။ ကျောင်းသားဦးရေများပြားခြင်း၊ အိမ်သာအရေအတွက် နည်းပါးခြင်း၊ ရေအခက်အခဲရှိခြင်း၊ ရေလောင်းအိမ်သာ မသုံးစွဲတတ်သည့် မဖွံ့ဖြိုးသည့်အရပ်ဒေသမှ ရောက်လာကြသော တိုင်းရင်းသားကလေးငယ်များ များပြားခြင်းတို့ကြောင့် ရေအိမ်သာများသန့်ရှင်းမှု လုံးဝမရှိပါ။ ကျောင်းသားများဖြစ်၍ ညစ်ပတ်သည်ထင်ကာ ကျောင်းသူအိမ်သာများကို လေ့လာကြည့်ပါသည်။ ပို၍ဆိုးပါသည်။ ရေရရှိအောင်လုပ်ပေးခြင်း၊ တံမြက်စည်းလှည်းခြင်း၊ အတုံးအတစ်များကို ရေလောင်းချပေးခြင်း၊ မိန်းကလေးသုံးပစ္စည်းအတိုအစများကို ဖယ်ရှားရှင်းလင်းပေးခြင်းအဆင့်ထိ ပြုလုပ်ခဲ့ရပါသည်။

စာရေးသူ ငယ်ရွယ်စဉ်အခါ အိမ်သာသန့်ရှင်းရေး စလုပ်စဉ်က အကျိုးကြီးမှန်း မသိပါ။ အစတွင် သူတော်ကောင်းတရား လိုက်နာသောအားဖြင့် လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် မကြည့်ရက် မမြင်ရက်သဖြင့် လုပ်ပေးမိခြင်းဖြစ်ပါသည်။ ထို့နောက်ပိုင်းတွင်ကား အိမ်သာမြင်လျှင် မဆေးကြောဘဲ မနေနိုင်လောက်အောင်အထိ ဖြစ်ခဲ့ရပါသည်။ သန့်ရှင်းပြီးသားဖြစ်နေလျှင်သော်မှ ရေပိုက်ဖွင့်ကာ ရေဖြည့်ထားခဲ့ရမှ စိတ်ကျေနပ်မှု ရနိုင်ပါတော့သတည်း။

လူတိုင်းက ရွံစရာဟု သတ်မှတ်ထားသည့် အရာများသည် ဘာသာရေးသမားများ၊ တရားသမားများ အတွက်မူ ရွှေတုံးရွှေခဲကြီးများ ဖြစ်နေတတ်ပါသည်။

လူတိုင်းက နိမ့်ကျသည့်အလုပ်ဟု သတ်မှတ်ထားသည့် သန့်ရှင်းရေးလုပ်ငန်းသည် သူတော်ကောင်းများအတွက်မူ ပါရမီမြောက်ကုသိုလ်လုပ်ငန်းကြီးတစ်ရပ် ဖြစ်နေပါတော့သည်။

လူတိုင်းက နှာခေါင်းရှုံ့ကြ၊ ရွံရှာကြသည့် အိမ်သာများသည် ပါရမီရှင်များအတွက်မူ ဧရာမကုသိုလ်ရိပ်သာကြီး ဖြစ်နေပါတော့၏။

အိမ်သာသန့်ရှင်းရေးကုသိုလ်က ပေးစွမ်းနိုင်သော ကောင်းကျိုးများကို အောက်ပါအတိုင်း ရေးသားကြသော်လည်း ရည်ညွှန်းရာ အင်္ဂုတ္တိုရ် ဧကာဒသကနိပါတ်တွင် မတွေ့ရပေ။

ကုဋီ (အိမ်သာ) ဆေးကြောသန့်စင်ခြင်း အကျိုး(၁၁)ပါး
၁။ မိမိစိတ်လည်းကြည်လင်စေ၍ သူတစ်ပါးစိတ်ကိုလည်း ကြည်လင်စေခြင်း။
၂။ ပညာရှိသူတော်ကောင်းတို့၏ ချီးမွမ်းခြင်းကိုခံရခြင်း။
၃။ ဖြစ်ရာဘဝတွင် ချော့မွတ်နူးညံ့သော အသားရေနှင့်ပြည့်စုံခြင်း။
၎။ ခန္ဓာကိုယ်သည် ပန်းရနံ့ကဲ့သို့ မွှေးပျံ့သောအနံ့ရှိခြင်း။
၅။ မျက်နှာအဆင်း ကြည်လင်ခြင်း။
၆။ စိတ်ညစ်ညူးဖွယ်ရာများနှင့် မကြုံရခြင်း။
၇။ စိတ်ချမ်းသာသဖြင့် ကျန်းမာရေးလည်းကောင်းခြင်း။
၈။ ပညာဉာဏ်ကြီးခြင်း။
၉။ အသက်ရှည်ခြင်း။
၁၀။ မတွေမဝေသေရခြင်း။
၁၁။ သေပြီးနောက် သုဂတိသို့လားရခြင်း
ဟူသောအကျိုး(၁၁)ပါးသည် ကုဋီဆေးကြောသန့်စင်ရခြင်း၏ အကျိုးပေတည်း။
( အင်္ဂုတ္တိုရ်၊ ဧကာဒသကနိပါတ်)။

ကျောင်းသန့်ရှင်းရေးကုသိုလ်တော် ပြီးပါပြီ။

အရှင်ဝီရသူ (မစိုးရိမ်)
၉-၆-၂၀၂၀

(၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၅)တွင် ဖော်ပြပါရှိသော ဆောင်းပါး)