သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၁)

အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ထွက်ခွါခဲ့ပါတယ်။
မနက် ၁၀း၀၀ နာရီခန့်မှာ မောင်တောမြို့နယ်မြောက်ပိုင်း တရိန်းရွာကိုရောက်ပါတယ်။  တရိန်းရွာဆိုတာ ရေလုပ်သားနှစ်ဦး အသတ်ခံခဲ့ရတဲ့ရွာပါ။
သြဂုတ်လအရေးအခင်းကြီးမတိုင်ခင် အသတ်ခံခဲ့ရတဲ့ တိုင်းရင်းသားနှစ်ဦးရဲ့ မိသားစုတွေကတော့ တရိန်းရွာမှာ မရှိတော့ပါဘူး။ ဖားရှာ ငါးရှာသွားရင်း ဘင်္ဂလီအုပ်စုနှင့် ထိပ်တိုက်တိုးရွာ နှစ်ဦးသေ နှစ်ဦးလွတ်မြောက်ရာမှ ရွာလူထုအကူအညီနှင့် အခင်းဖြစ်နေရာမှာ အလောင်းနှစ်လောင်းကို ပြန်ရရှိခဲ့တာပါ။
တရိန်းရွာဟာ ရခိုင်ရွာနှင့် မြိုရွာလို့ နှစ်မျိုးရှိပါတယ်။ ရခိုင်ရွာမှာ အိမ်ထောင်စု ၂၄ စု မြိုရွာမှာ အိမ်ထောင်စု ၅၄ စုရှိပါတယ်။ အသတ်ခံလိုက်ရတဲ့ တိုင်းရင်းသားနှစ်ဦးကတော့ ရခိုင်လူမျိုးတွေဖြစ်ပါတယ်။
တရိန်းရွာမှာပဲ ဒုက္ခသည်စခန်းဖွင့်လှစ်ထားပါတယ်။ လဘော်ရွာနှင့် သံပုရာရွာတို့မှာ လာရောက်ခိုလှုံနေကြတဲ့ အိမ်ထောင်စု ၄၃ စုရှိပါတယ်။ မြိုတိုင်းရင်းသားတွေဖြစ်ပြီး ဒုက္ခသည်ယာယီအိမ်လေးတွေ သူ့နည်းသူ့ဟန်နှင့်ဆောက်ထားတာ အင်မတန်ကြည့်လို့ကောင်းတယ်လို့ သိရပါတယ်။
ကားနှင့်လည်းသွားလို့မရ ခြေလျင်သွားကြည့်ရအောင်လည်း အချိန်မရသဖြင့် ၄င်းဒုက္ခသည်တွေကို တရိန်းရွာမှာပဲ စုစည်းပေးထားပါတယ်။
နေ့ဆွမ်းမစားခင် အခမ်းအနားကျင်းပပါတယ်။ နိရုတ္တိဆရာတော် အရှင်ဣန္ဒာစက္ကာဘိဝံသက သြဝါဒပေးပါတယ်။ အခုလို ရခိုင်သူ ရခိုင်သားအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် နေရပ်မစွန့်ဘဲ ခုခံကာကွယ်ကြတာ ကျေးဇူးတင်ကြောင်း အားပေးစကားပြောကြားခဲ့တာပါ။
မြိုတိုင်းရင်းသူတိုင်းရင်းသားတွေနှင့် အမှတ်တရဓာတ်ပုံတွေရိုက်ကြ ကလေးငယ်တွေနှင့်စကားပြောကြနှင့် အဖွဲ့သားတွေအားလုံးပျော်ရွှင်နေကြပါတယ်။ ကလေးတွေကို အအေးဗူး မုန့် သကြားလုံး ပေးဝေသလို လူကြီးတွေကိုလည်းပေးဝေလို့ အားလုံးပျော်ရွှင်နေကြပါတယ်။
ဒုက္ခသည်စခန်းအဖြစ်လည်း လူမသိကြ လာရောက်လှူဒါန်းသူတွေလည်းမရှိ လုပ်ကိုင်စားသောက်ဖို့ကလည်း ခက်ခဲ အသက်အန္တရာယ်ကလည်းများပြားနေတဲ့ ဒီရွာလေးမှာ အခုလို အဝေးကြီးမှလာရောက်လှူဒါန်းကြလို့ အလှူပေးပုဂ္ဂိုလ်ရော အလှူခံပုဂ္ဂိုလ်တွေပါ ဝမ်းသာမဆုံးဖြစ်နေကြတာပါ။
လေးရွာပေါင်း အိမ်ထောင်စု ၁၂၁စုအတွက် ဆန် ၆၉ အိတ်၊ ဆီပုံးသုံးပုံး၊ ငရုပ်သီးခြောက်သုံးအိတ်၊ ငပိဆယ်အိတ်၊ ဆပ်ပြာတောင် တစ်ရာနှစ်ဆယ့်တစ်တောင့်၊ ခြုံစောင်တစ်ရာနှစ်ဆယ့်တစ် ထည်၊ အင်္ကျီ တစ်ထောင် လှူဒါန်းခဲ့ပါတယ်။
မန်းမဘသ အဖွဲ့ကြီးရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှာ မန်း မဘသအဖွဲ့သို့ ရခိုင်ပြည်သူ ပြည်သားများအတွက် လှူဒါန်းထားကြသော ကုသိုလ်ရှင် ရဟန်းရှင်လူ ပြည်သူအားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ပါစေသော်ဝ်………..။