သတင်း

ဉေယျဓမ်တောရသို့ … (၂၀-က)

ဉေယျဓမ်တောရသို့ … (၂၀-က)
================

ဒီလောက်ဆိုရင် ဆရာတော်ကြီးက စာရေးသူအပေါ် ထားရှိတဲ့ သံယောဇဉ် (သို့) မေတ္တာတရားကို စာရှုသူတို့ သိလောက်ပါပြီ။

“မာတယ်ထင်ရင် ဆောင့်ကြည့်လိုက်ပါ”
စာရေးသူကို လက်ခံစကားပြောလို့ ဒါမှမဟုတ် စာရေးသူကို ဆွမ်းလောင်းပွဲပင့်လို့ဆိုပြီး ဆရာတော်ကြီးကို ပြစ်မှားစော်ကားကြမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ်ကံပဲပေါ့နော်။ အတ္တကြီးတဲ့ မြန်မာ့နိုင်ငံရေးသမားတွေက ကလေးငယ်တွေလိုပဲ “ငါ့နဲ့မခေါ်တဲ့သူကို မခေါ်ရ၊ ငါနဲ့မတည့်တဲ့သူကို အပေါင်းအသင်းမလုပ်ရ၊ လုပ်ရင် ခေါ်တော့ဘူး”ဆိုတာမျိုးတွေ ကိုင်စွဲထားလေတော့ သူတို့နဲ့ အမြင်မတူသူ၊ သူတို့က မကြည်ညိုသူ၊ သူတို့ကြည့်မရသူကိုမှ အထွဋ်အမြတ် အခမ်းအနားတွေမှာ ပင့်ဖိတ်ရကောင်းလားဆိုပြီး ဆရာတော်ကြီးကို ပြစ်မှားစော်ကားနိုင်တာပေါ့နော်။
စော်ကားကြပါလေ။
ဆရာတော်ကြီးက ဘာမျှဖြစ်မှာမဟုတ်ဘူး။
စော်ကားသူပဲ ကံကြီးထိုက်မှာ။
ဆရာတော်ကြီးက ကျောက်တောင်ကြီးဗျ။
ခေါင်းမာတယ်ထင်ရင် ပြေးဆောင့်ကြည့်လိုက်လေ။
ကျောက်တောင်ကပဲ တုန်လှုပ်မလား၊
ကျောက်တောင်ထက် မာတယ်ထင်လို့ ပြေးဆောင့်သူကပဲ အသက်ထွက်မလား လက်တွေ့သိနိုင်တာပေါ့နော်။

“ခဲတစ်ကျ ဝိပဿနာ”
စာရေးသူရဲ့ ဥပဇ္ဈာယ်ဆရာက ကျောက်ဆည်မြို့၊ ရွှေလှံထောင်ဆရာတော် ဦးပညာသာမိပါ။ စာရေးသူ့မိခင်ရဲ့ ဦးလေးအရင်း တော်စပ်ပါတယ်။ သူက ဝေဘူဆရာတော်ကြီးရဲ့ တပည့်ရင်းပါ။ ဝေဘူဆရာတော်ကြီးထံတော်မှာ ၂၅နှစ်တောင် သီတင်းသုံးခဲ့တာပါ။ စာရေးသူ ကိုရင်ဝတ်တော့လည်း ဝေဘူဆရာတော်ကြီးရဲ့ နည်းနာနိဿယကိုပဲ ဟောပေးတာပါ။ စာရေးသူက ကိုရင်ဘဝနဲ့ သုံးလတိတိ ဝေဘူနည်းအတိုင်း တရားအားထုတ်ဖူးပါတယ်။ ဒါကြောင့် ဝေဘူဆရာတော်ကြီးရဲ့ သိဿာနုသိဿ (တပည့်ရဲ့ တပည့်)လို့ပဲ မှတ်ယူထားပါတယ်။

ဒီအကြောင်းကို ဆရာတော်ကြီးအား လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက စာရေးသူရဲ့ ဝိပဿနာဉာဏ်ကို ခဲတစ်ကျဝိပဿနာဉာဏ်လို့ သတ်မှတ်တော်မူပါတယ်။
စာရေးသူကို ဟောကြားတဲ့ ဝိပဿနာတရားကို စာရှုသူတို့အား ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီတရားလေး နာယူပြီးရင် ဆရာတော်ကြီးရဲ့ တရားအဆင့်ကို ခန့်မှန်းနိုင်လောက်ပါပြီ။

“ဝီရသူကို ဟောသောတရား”
“သေခါနီးရဲ့ နောက်ဆုံးစိတ်”
အရှင်ဘုရားရဲ့ ဝိပဿနာ မဂ်ဉာဏ်ဖိုလ်ဉာဏ်က မှော်ရှိတဲ့ရေကန်ကြီးထဲ ခဲပစ်သလောက်ရှိတာ။ ခဲပစ်တုန်းတော့ အဲဒီနေရာကြီး မှော်တွေရှဲသွားတာပေါ့။ ခဲမပစ်ရင်တော့ မှော်က မှော်အတိုင်းပဲနော။
(မှန်ပါ။ သူ့နေရာသူ ပြန်ရောက်သွားတာပါဘုရား။)
ဒလစပ်ကို ထုံနိုင်မှ အရှင်ဘုရား။
ပြီးတော့ သဏ္ဌာနပညတ်တို့ ဘာပညတ်တို့ ရှိသေးတာကိုး။
ပညတ်ကို ကျော်နိုင်မှာနော် အရှင်ဘုရား။
ယောက်ျားသဏ္ဌာန် မိန်းမသဏ္ဌာန် ဘာမှကို မရှိမှ အရှင်ဘုရားရဲ့။
သေခါနီးရဲ့ နောက်ဆုံးစိတ်။
သေပေါက်သေဝကို အရှင်ဘုရားရဲ့စိတ်ကလေးကို
သတိအဖော်လေး ထည့်ပေးဗျ။
ထည့်မပေးရင် သေပေါက်သေဝမှာ
သူ့အဖော်တွေ အများကြီးလာစောင့်နေတာ။
အရှင်ဘုရား အသုံးမတတ်ရင် မဟုတ်ရာ ခေါ်ဦးမယ်။
သေခါနီးရဲ့ နောက်ဆုံးစိတ်က အရေးအကြီးဆုံးဘုရား။
သောတာပန်တို့ဘာတို့ကတော့ မြဲပြီးသားပေါ့ဘုရား။
နောက်မလှည့်တော့ဘူးပေါ့ဘုရား။
သွေးထဲရောပြီး လိုက်နေတဲ့ ဒိဋ္ဌိငွေ့ ပြယ်သွားလို့။
သွေးကတော့ သွေးအတိုင်းပဲလေ။
သွေးထဲမှာ အငွေ့လိုက်နေတာ မဟုတ်ဘူးလား။
ဒိဋ္ဌိငွေ့ကလည်း ငါ – ငါ – ငါ – ငါ – ငါ နဲ့
ဘဝပေါင်း ဘယ်နှစ်ဘဝမှန်းမှ မသိဘဲနဲ့။
ဒိဋ္ဌိပြတ်တော့ အပါယ်ကြော ပြတ်တာ မဟုတ်ဘူးလား။
သို့သော် စိတ်မချရဘူး အရှင်ဘုရားရ။
သောတာပန်မှာလည်း မုဆိုးနဲ့ ညားသေးတာပဲလေ။
သတိလက်လွတ်ရင် သဏ္ဌာန်နိမိတ် ပေါ်လာတော့တာပဲ။
သတိကို လက်မလွှတ်မှ အရှင်ဘုရားရ။
အမြဲတန်းကို ယူထား အရှင်ဘုရားရ။

“မယားကြီး ဝိပဿနာ”
ဘုရားတပည့်တော်ရဲ့ သူငယ်ချင်းကတော့ မယားနှစ်ယောက်နှင့် နေတာကိုးဘုရား။
ကိုးကန့်စော်ဘွားကြီးရဲ့သမီး ဒေါ်အုန်းစိန်ကမွေးတာ ကိုကျော်မြင့်တဲ့။
သူက မယားနှစ်ယောက် ယူတာဘုရား။
မယားနှစ်ယောက်ကလည်း ညီအစ်မ အရင်းဘုရား။
အစ်မ ဆေးရုံတက်နေတုန်း။
မယားငယ်ကလည်း မယားငယ်။ ညီမလည်း ညီမပေါ့ဘုရား။
နင့်ကို ငါ နေ့တစ်ဝက်ပဲ ပေးနိုင်မယ်။
ညတော့ မပေးနိုင်ဘူးတဲ့။
ည တစ်ဝက်တော့ အရှင်ဘုရားအတွက်ယူလေ။
အကြီးအတွက် ထားလေ။
နေ့ကတော့ အရှင်ဘုရား ပရိသတ်တွေ ဟောရပြောရ စာပေပို့ချရမှာ။
နေ့တော့ အငယ်အတွေက်ပေါ့ဘုရား။
ဦးကျော်မြင့်ထုံး အရှင်ဘုရားလိုက်ပေါ့ဘုရား။