သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-ခ)
“အိပ်စက်အနားယူခြင်း”

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၇-ခ)
“အိပ်စက်အနားယူခြင်း”
———————————————–—
အရှင်ဝီရသူ (မစိုးရိမ်)

အိပ်ရာဝင်ချိန် မမှန်သော်လည်း အိပ်ချိန်ကိုကား လုံးဝ အလျော့မခံပါ။ နေ့ဘက် လုံးဝ မအိပ်ရလျှင် ညဘက်အစားထိုး အိပ်ပါသည်။ ဥပမာ နေ့ဘက် အလုပ်များသဖြင့် ည ၈းဝဝ နာရီမှ အိပ်ရာဝင်သဖြင့် ညဘက်စောစော အိပ်ရာဝင်ခြင်း မဟုတ်ပါ။ နေ့ဘက် အနားယူရမည့်အချိန် တစ်နာရီစာ လက်လွတ်သွားသဖြင့် အစားထိုး အိပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ည ၉းဝဝ နာရီ စွန်းစွန်းလေးတွင် အိပ်ရာထကာ ညလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရပါတော့၏။ ထိုအခါမျိုး၌ ညဥ့်နှစ်ချက်တီးထိ အလုပ်လုပ်နိုင်သည်ကို တွေ့ရပါသည်။ ညဥ့် ၂းဝဝ နာရီတွင် အိပ်ရာဝင်လျှင် နံနက် ၇းဝဝ နာရီ၌ အိပ်ရာထပါသည်။ ပြန်အိပ်၍ မရတော့ပါ။ ည ၁၂းဝဝ နာရီ အိပ်ရာဝင်လျှင် နံနက် ၅းဝဝ နာရီ အိပ်ရာထပါသည်။ အိပ်ရာဝင်စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ငါးနာရီဆက်တိုက် အိပ်လိုက်ရလျှင် အိပ်ရေးဝပါသည်။ ပင်ပန်းခြင်း၊ အိပ်ရာဝင်နောက်ကျခြင်းစသော အကြောင်းများကြောင့် အိပ်ရာမထဘဲ ဆက်အိပ်နေသည်ဟူ၍ မရှိပါ။ တပည့် ဒကာ၊ ဒကာမများနှင့် စကားစပ်မိလျှင် “ကျုပ် ဘဝ စက်ရုပ်ကြီးလိုကို ဖြစ်နေတော့တာပါဗျာ။ အိပ်ချိန် ငါးနာရီပြည့်ရင် ဘယ်လိုမှ ပြန်အိပ်လို့ မရတော့ပါဘူး”ဟု ပြောတတ်ပါသည်။ မှန်ပါသည်။ ရေခဲလောက်အောင် အေးလွန်းသောအရပ်သို့ ရောက်သည့်အခါ ညတရားပွဲလုပ်၍ မရပါ။ ဆည်းဆာတရားပွဲသာ ကျင်းပကြပါသည်။ ညနေ ၅းဝဝ နာရီ နောက်ပိုင်း၌ ဖုန်းကိုင်လျှင်လည်း လက်များအေး၊ တရားထိုင်လျှင်လည်း နှာများစေး၊ အပြင်ထွက်လမ်းလျှောက်လျှင်လည်း ချမ်းချမ်းတုန်နေပါတော့သည်။ ထိုအခါမျိုး၌ ည ၈းဝဝ နာရီ၊ ၉းဝဝ နာရတွင် အိပ်ရာဝင်ရပါတော့၏။ အိပ်ရာဝင်စောသည်မှာ ပြဿနာမရှိသော်လည်း အိပ်ရာထစောသည်ကား ပြဿနာ တစ်ရပ် ဖြစ်နေပါတော့၏။ ညဥ့် ၂းဝဝ နာရီတွင် အိပ်ရာနိုးသဖြင့် လုံးဝ ပြန်အိပ် မရတော့သည့်အခါ လုပ်စရာရှိလျှင်လည်း လုပ်၍မရ၊ မလုပ်ဘဲနေရမည့် အရေးကလည်း မလွယ်ကူ၊ ပြန်အိပ်မည်ဆိုပြန်လျှင်လည်း အိပ်မရ ဖြစ်နေပါတော့သည်။ ထို့ကြောင့် ညဥ့် ၂းဝဝ နာရီတွင် မပြေးရုံတစ်မယ် လမ်းလျှောက်လျက် ရွတ်ဖတ်ရပါတော့၏။ ဤကား စာရေးသူ၏ ခန္ဓာကိုယ်သည် စက်ရုပ်သဖွယ် ယန္တရားလည်ပတ်နေပုံ ဖြစ်ပါသည်။

အိပ်ချိန်ကာလ ပျမ်းမျှအားဖြင့် နေ့တစ်နာရီ၊ ညငါးနာရီအားဖြင့် ခြောက်နာရီ သတ်မှတ်ထားသော်လည်း လေးနာရီသာ အိပ်ရသည့် နေ့ရက်မျိုးရှိသကဲ့သို့ တစ်မှေးမျှ မအိပ်စက်လိုက်ရသည့် နေ့ရက်မျိုးလည်း ရှိပါသည်။ မ-ဘ-သ ညီလာခံ ကျင်းပသည့်အခါ ညဥ့်နက်သည်အထိ ဆွေးနွေးရသဖြင့် တစ်ရကတွင် လေးနာရီသာ အိပ်စက်ရသည့်အခါမျိုးနှင့် အတုမရှိဂျာနယ် ဖောင်ပိတ်ရက်တွင် အချိန်မီ ပြီးနိုင်ရေးအတွက် အနီးကပ် ကြီးကြပ်ရသဖြင့် တစ်စက်ကလေးမျှ မအိပ်လိုက်ရသည့် နေ့ရက်မျိုးပင် ဖြစ်ပါသည်။ တစ်ခု ကံကောင်းသည်မှာ ခေါင်းချလျှင် အိပ်ပျော်တတ်သည့် အလေ့ပင်။ အလုပ်လုပ်၍ မရသည့်အခါမျိုး၌ ငုတ်တုတ်လည်း အိပ်ပျော်ပါသည်။ ထို့ကြောင့် လေယာဉ်ပေါ်၊ ကားပေါ်၊ ယုတ်စွအဆုံး ထော်လာဂျီပေါ်၌ပင် ပျော်အောင်အိပ်နိုင်ပါသည်။ အခမ်းအနားများ တက်ရလျှင်လည်း စက်တီပေါ်၌ အိပ်ပျော်နေတတ်ပါသည်။ ထိုကျေးဇူးကြောင့် ကျန်းမာရေး ကောင်းမွန်နေခြင်း ဖြစ်ပါမည်။ အိပ်မပျော်ကြသူများထံမှ ညည်းသံကြားရလျှင် အိပ်ပျော်နည်းများ ပေးတတ်ပါသည်။ ကိုယ်ပင်ပန်းရမည်။ စိတ်အေးချမ်းရမည်။ ဤနှစ်ချက်ပြည့်စုံလျှင် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်မည်ဟူ၍လည်း သြဝါဒ ပေးတတ်ပါသည်။ မှန်ပါသည်။ ကိုယ်ပင်ပန်းစွာ အလုပ်လုပ်သူများ ခြေပစ်လက်ပစ် အိပ်ပျော်တတ်ကြပါသည်။ စိတ်အေးချမ်းသည့် ယောဂီများ နှစ်ခြိုက်စွာ အိပ်ပျော်တတ်ကြပါသည်။ စာရေးသူလည်း ထို့အတူပင်။ အလုပ်ပင်ပန်းသည့်အပြင် ပရိတ်ရွတ်သည့်အခါ ကျန်းမာရေး လေ့ကျင့်ခန်းပါ လုပ်ပြီးသားဖြစ်အောင် ကိုယ်လက်လှုပ်ရှား စင်္ကြံသွားပါသည်။ နေ့စဉ် သုံးကြိမ်ရွတ်ဖတ်ပူဇော်ရသော သမာဓိတန်ခိုးကြောင့် စိတ်အေးချမ်းမှု ရှိပါသည်။ ထိုအကြောင်း နှစ်ချက်ကြောင့် အိပ်မပျော်သည့်ဝေဒနာမျိုး မခံစားရခြင်း ဖြစ်ပါမည်။

ဆက်လက်ဖော်ပြပါမည်။
(၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၂)တွင် ဖော်ပြပါရှိသော ဆောင်းပါး)