သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ဂ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၁-ဂ)

“စဏ္ဍာလနှင့် သမဏကျင့်စဉ်”
——————————————

နောက်တစ်ခုကား မူးယစ်ဆေးကိစ္စပင်။ စာရေးသူက နံပါတ်ဖိုးကို ကြားသာကြားဖူးပါသည်။ မမြင်ဖူးပါ။ မှီဝဲဖို့ဆိုသည်မှာ ဝေးလာဝေးပင်။ အိုးဘိုရောက်သည့်အခါ ဆေးမှုအကျဉ်းသားများနှင့် အင်တာဗျူးပါသည်။ ထိုအခါ ဘိန်းမည်းဟူသော ဝေါဟာရတစ်ခု ထပ်မံကြားဖူးလိုက်ရပါသည်။ ဟုတ်ပါပေမည်။ ဘိန်းဖြူရှိ၍ ဘိန်းမည်းရှိသည်မှာ သဘာဝပင်။ WY အမှတ်အသားပါသည့် ဆေးပြားလေးများ သတင်းမှာ အမြဲတွေ့ရပါသည်။ အရပ်ထဲတွင် မမြင်ဖူးပါ။ မူးယစ်ဆေးဝါးမဆိုထားဘိ။ ဆေးလိပ်အနံ့ပင် မခံနိုင်သော စာရေးသူကိုမှ “ဆေးသမား”ဟု စွပ်စွဲနေကြသည်မှာ အံ့သြစရာတစ်ခုပင်။ ဟောပုံပြောပုံကြည့်၍ စွပ်စွဲသည်၊ လက်ကဒဏ်ရာများကိုကြည့်၍ စွပ်စွဲသည်၊ တရားဟောရင်း တစ်ရှူးသုံးသည်ကိုကြည့်၍ စွပ်စွဲသည်များပင် ရှိကြလေသည်။ စာရေးသူသည် နှုတ်ခမ်းနှင့် နှာခေါင်းအဆီထွက်လျှင် မနေတတ်တော့ပေ။ တရားဟောလျှင်လည်း ၎င်းအဆီများကို တစ်ရှူးဖြင့် သုတ်လေ့ရှိပါသည်။ နှာခေါင်းကို တစ်ရှူးဖြင့် သုတ်သည်ကိုကြည့်၍ တစ်ရှူးတွင် မူးယစ်ဆေးထုံထားသည်၊ ၎င်းကို တရားဟောရင်း ရှူရှိုက်ခြင်းဖြစ်သည်ဟု ဝေဖန်စွပ်စွဲခြင်း ဖြစ်ပါသည်။ ၎င်းတစ်ရှူးကို စားပွဲပေါ်သို့ စာရေးသူကိုယ်တိုင် တင်ထားခြင်းမဟုတ်ပါ။ တပည့်ကျောင်းသားများကိုလည်း မတင်ခိုင်းပါ။ တရားပွဲကျင်းပသူများကသာ တင်ထားခြင်း ဖြစ်ပါသည်။ စာရေးသူတစ်ပါးတည်းအတွက် တင်ထားခြင်းမဟုတ်ပါ။ ဓမ္မကထိကဆရာတော်အားလုံးအတွက် တင်ထားခြင်းဖြစ်ပါသည်။ လက်မှဒဏ်ရာများသည်လည်း တက်တူးဖျက်ထားသည့် ဒဏ်ရာများဖြစ်ပါသည်။ ၂၀၁၂ခုနှစ်တွင် မြို့တော်ဆေးရုံ၌ ခွဲစိပ်ကုသထားခြင်းဖြစ်ပါသည်။ ဆရာဝန်များ၊ သူနာပြုများက ယခုထိ စာရေးသူတက်သည့် ဆေးရုံအခန်းနံပါတ် မှတ်မိနေကြသေးသော်လည်း စာရေးသူကား မမှတ်မိတော့ပါ။

လူစိမ်း၊ သူစိမ်းများ ရန်သူ၊ မုန်းသူများက ဆေးသမား(ဆေးဘဲ) စွပ်စွဲသည်ကို ခံနိုင်ခဲ့ပါသည်။ မသိနားမလည်သောကြောင့် နိုင်ငံရေးထိုးနှက်ချက်တစ်ခုဖြစ်၍ “ကိုယ်ကောင်းလျှင် ခေါင်းမရွေ့”သဘောမျိုးဖြင့် မိမိကိုယ်ကိုယ် ဖြေသိမ့်နိုင်ခဲ့ပေသည်။ မိမိ၏ ဒါယကာ၊ ဒါယိကာမများကပါ စူးစမ်းလာသည့်အခါ စိတ်မကောင်း ဖြစ်မိပါတော့သည်။ နှုတ်ဖြင့် တိုက်ရိုက်စွပ်စွဲလာသည့်အခါ ပို၍ခံစားရပါတော့၏။ စာရေးသူ အိုးဘိုတွင် နေရစဉ်ကတည်းက ကြည်ညိုရင်းစွဲရှိသော ဒါယိကာမကြီးတစ်ဦးသည် စာရေးသူ၏ အဒေါ်ပမာ၊ မိခင်ပမာ အားထားရသူဖြစ်ပါသည်။ နိုင်ငံခြား၌ နေသူဖြစ်၍ လိုအပ်သည်များကိုလည်း အမြဲတမ်းထောက်ပံ့နိုင်သူဖြစ်ပါသည်။ မြန်မာပြည်ပြန်လာလျှင်လည်း လှူဖွယ်ဝတ္ထုများ လိုလေသေးမရှိပါ။ ထိုဒါယိကာမကြီးက စာရေးသူထံ ဖုန်းဆက်ပါသည်။ “အရှင်ဘုရား ဆေးဖြတ်နေပြီကြားရလို့ ဝမ်းသာတယ်ဘုရား”၊ “ဟင် ကျုပ်က ဘာဆေးဖြတ်ရမှာတုန်း” ၊ “အရှင်ဘုရားကလည်း သိရက်သားနဲ့”၊ “သြော်… ဒကာမကြီးကလည်း အဲဒီလို ထင်နေတာလား၊ ကျန်တဲ့လူစွပ်စွဲတာ ခံနိုင်တယ်ဗျာ၊ ခင်ဗျားလို ဒကာမမျိုး စွပ်စွဲတာခံရတော့ ကျုပ်ဝမ်းနည်းမိတယ်”ဟု ပြောမိသွားပါသည်။ နိုင်ငံရေးသမားများ၏ အောင်မြင်မှုပင်။ ချီးကျူးမိပါသည်။ မူးယစ်ဆေးဆိုသည်မှာ ဘယ်ဆီနေမှန်းမသိရသည့် ဘုန်းကြီးတစ်ပါးကို ဆေးသမားဖြစ်အောင် စွပ်စွဲရေးသားကြသော နိုင်ငံရေးသမားတို့၏ မေတ္တာတရားဖြန့်ဖြူးမှု၏ ရလဒ်တစ်ခုအဖြစ် အသိအမှတ်ပြုကာ ချီးကျူးနေမိခြင်း ဖြစ်ပေသည်။ နိုင်ငံရေးဆိုသည်မှာ ဖခင်အရင်းကိုပင် ပြန်သတ်ရသော လုပ်ငန်းမျိုးဖြစ်နေသောကြောင့်တည်း။ နိုင်ငံရေးသမား မကျူးလွန်ဝံ့သော အကုသိုလ်ဟူ၍ လုံးဝ မရှိသောကြောင့်တည်း။

စာရေးသူငယ်စဉ်က “စဏ္ဍာလနှင့် သမဏ”ခေါင်းစဉ်တပ်၍ ဒဿနတစ်ခု ရေးဖူးပါသည်။ “တောင်းတာချင်းအတူတူ စဏ္ဍာလက ကိုယ်ကျင့်တရားမရှိ၊ သမဏက ကိုယ်ကျင့်တရားရှိသည်။ စဏ္ဍာလက စရိုက်ကြမ်းသည်၊ သမဏက နူးညံ့သိမ်မွေ့သည်။ စဏ္ဍာလက ဣနြေ္ဒသိက္ခာမရှိ၊ သမဏက ဣနြေ္ဒသိက္ခာရှိသည်။ စဏ္ဍာလက တရားမရှိ တရားမသိ၊ သမဏက တရားရှိ တရားသိသည်” စသည်တို့ ဖြစ်ပါသည်။ စာသင်ငယ်များအား စာချလျှင်လည်း စဏ္ဍာလနှင့် သမဏ ကွာခြားမှုကို ပြောပြလျက် စဏ္ဍာလလိုမနေရန် အမြဲသတိပေးတတ်ပါသည်။

ဇိုးဘုန်းကြီးများ၊ ဖိုးဘုန်းကြီးများ သတင်းကြားရလျှင် စိတ်မကောင်းပါ။ ၎င်း၏ရွာနှင့် ဒကာ၊ ဒကာမများကို သနားနေမိသကဲ့သို့ သာသနာတော်အတွက်လည်း ရင်လေးနေမိပါသည်။ ကြားခဲ့ရသည့် ဇိုး၊ ဖိုး စာရင်းတွင် မိမိသိကျွမ်းသည့် စာချအကျော်၊ ဓမ္မကထိကအကျော် ရဲရဲတောက် အမေ့သားကြီးများ ပါဝင်နေသည့်အခါ ပို၍ပင် ဝမ်းနည်းမိလေသည်။ ထို ဂျိုးကြီးများက စာရေးသူဆိုလျှင် အတော်ဆဲသောဟူ၏။

စာရေးသူ၏ ကိုရင်ဘဝ ဥပဇ္ဈာယ်ဆရာသည် စာရေးသူ၏ ဦးကြီးဖြစ်ပါသည်။ အမေကြီး(အဖွား)၏ မောင်အရင်း ဖြစ်ပါသည်။ အမေ့ဦးလေး စာရေးသူ၏ ဦးကြီးဖြစ်သူ ရွှေလှံထောင်ဆရာတော်ကား ဝေဘူဆရာတော်ကြီး၏ တပည့်ရင်းဖြစ်ပါသည်။ တရားယောဂီဖြစ်သည့်အားလျော်စွာ လောဘ၊ ဒေါသခေါင်းပါးရန် နေပြတတ်ပါသည်။ ကွမ်း၊ ဆေး၊ အရက်ကို အလွန်ရွံမုန်းပါသည်။ အာဂန္တုတစ်ပါး ဆေးလိပ်သောက်နေသည်ကို တွေ့လျှင် အထူးအဆန်းဖြစ်နေတတ်ပါသည်။ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းကား ဧရာမအပြစ်ကြီးတစ်ခုပင်။ စာရေးသူလည်း ငယ်စဉ်ကတည်းက သန္နိဋ္ဌာန်ချထားခဲ့ပါသည်။ ကွမ်း၊ ဆေး၊ အရက်ကို သာမန်လူသားများပင် မမှီဝဲကြပါ။ ရဟန်းဘဝဆိုသည်မှာ လူသားများထက် မြင့်မြတ်သူဖြစ်ပါသည်။ ဝိနည်းသိက္ခာပုဒ်ကို အသာထား၍ ကွမ်းဆေးအရက်လောက်တော့ မဖြစ်မနေ ရှောင်ကြဉ်သင့်သည်၊ လူရိုသေ၊ ရှင်ရိုသေအဆင့်လောက်တော့ နေရန်သင့်သည်ဟု ခံယူထားခြင်းဖြစ်ပါသည်။ အလောင်းအစား၊ အသောက်အစားကင်းသူကိုမှ အရက်သမား၊ ဆေးသမားဖြစ်ရစေရန် “မေတ္တာတရား”များ ဖြန့်ဖြူးနေသည့် မီဒီယာ၊ အမဲ၊ အရဲ ဟူသော ပုလင်းတူဘူးဆို့များကို မချီးကျူးဘဲ မနေနိုင်ခြင်း ဖြစ်ပါတော့သတည်း။

“စဏ္ဍာလနှင့် သမဏကျင့်စဉ်”ပြီးပါပြီ

အရှင်ဝီရသူ(မစိုးရိမ်)
၁၄-၆-၂၀၂၀
(၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်ထုတ် Myanmar Guardian News Journal၊ အတွဲ (၁)၊ အမှတ် (၂၆)တွင် ဖော်ပြပါရှိသော ဆောင်းပါး)