သတင္း

ဉေယျဓမ်တောရသို့ … (၁၅)

ဉေယျဓမ်တောရသို့ … (၁၅)
===============

စာရေးသူက နတ်တလူဆရာတော်လေးရဲ့ကားနဲ့ ထွက်လာတဲ့အခါ ညီတော်မောင်တစ်ပါးနှင့် ကပ္ပိယတစ်ဦး လိုက်ပို့ပါတယ်။ ကားဆရာနဲ့ဆိုရင် ကပ္ပိယနှစ်ဦးပေါ့။

ရှေးရေစက်လို့ ပြောရမလား၊ ပဋ္ဌာန်းဆက်လို့ ပြောရမလားပဲ။ ဉေယျဓမ်ခရီးမှာ မျှော်လင့်မထားတဲ့ တပည့်ရင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
စာရေးသူကို ဉေယျဓမ်ထိ လိုက်ပို့တုန်းက ပါလာခဲ့တဲ့ ကင်မရာဆရာလေးက စာရေးသူရဲ့ တပည့် လူပျံတော်လေး ဖြစ်နေပါတယ်။ စာရေးသူ အိုးဘိုသို့ ပါတော်မမူစဉ် သာမဏေကျော်လေးတွေကို စာချတုန်းက စာဝါလာလိုက်တဲ့ တပည့်လေးက သာမဏေကျော်လည်းပြီး၊ ကျမ်းလည်းပြီးမှ လူဝတ်လဲသွားတာပါ။ သာမဏေကျော် ဓမ္မာစရိယ လူပျံတော်လေးပေါ့။

နတ်တလူဆရာတော်လေးကလည်း စာရေးသူ အိုးဘိုမကြွခင်လေးတင်ပဲ သာမဏေကျော်ပြီးတာပါတဲ့။ အခု နတ်တလူကအပြန် ကားနဲ့လိုက်ပို့တဲ့ ညီတော်မောင်လေးကလည်း စာရေးသူရဲ့တပည့် သာမဏေကျော် ဓမ္မာစရိယလူပျံကျော် ကင်မရာဆရာလေးရဲ့ အစ်ကိုအရင်း ဖြစ်နေတာပါပဲ။

လူပျံကျော် ကင်မရာဆရာလေးကပဲ ဆွမ်းလောင်းပွဲတစ်လျှောက်လုံး စာရေးသူကို ကင်မရာနဲ့ မှတ်တမ်းတင် ကုသိုလ်ယူနေတာပါ။
ဆရာတော်ကြီးကပဲ စေ့စပ်တာလား၊ ကပ္ပိယတွေကပဲ လူရွေးတတ်တာလား မသိပါ။ နတ်တလူမှာ အရုဏ်ဆွမ်းကပ်တာရော၊ အခု ကားပေါ်အထိပါ စာရေးသူအတွက် ဝေယျာဝစ္စလုပ်ပေးနေတဲ့ လူငယ်တစ်ဦးကလည်း မျိုးချစ်လူငယ်လေးပါပဲ။ စာရေးသူကြွလာမယ်ဆိုတာ သိလို့ ပြည်ပထွက် အလုပ်လုပ်နေရာကနေ ခဏပြန်လာတာပါတဲ့။

ရွှေဘိုမြို့ မုခ်ဦးရောက်တော့ ကားချင်းလဲကြပါတယ်။ ညီတော်မောင်နဲ့ ကပ္ပိယတွေက စားရေးသူကားပေါ်အထိ လိုက်ပို့ပြီး အစစအရာရာ ပြင်ပေးကြပါတယ်။ နေရာထိုင်ခင်းသစ်လေး လိုက်ခင်းပေးတာတို့၊ ရေနွေးခွက် ရေနွေးဘူးလေးတွေ လိုက်တင်ပေးတာတို့နဲ့ အားလုံးတာဝန်ကျေကြပါတယ်။

ဒါတင်မကသေးဘဲ လမ်းခရီးတစ်လျှောက် ဘယ်နေရာရောက်ရောက် မကြာခဏ ဖုန်းဆက်မေးကြပါတယ်။ ညီတော်မောင် နတ်တလူဆရာတော်လေးရော ဆရာငြိမ်းချမ်းသာတို့ကပါ ချောချောမောမော ပြန်ရောက်ကြောင်း သိချင်ကြလို့ ဖုန်းဆက်မေးကြတာပါ။ ချောချောမောမောပြန်ရောက်ကြောင်း သိကြတော့မှပဲ စိတ်အေးသွားကြပုံ ရပါတယ်။

သူတို့တွေးပူမယ်ဆိုရင်လည်း ပူစရာပဲလေ။ စာရေးသူဖြတ်ခဲ့ရတဲ့ မြို့တွေက လတ်တလော အင်တာနက်ဖြတ်တောက်ခံထားရတဲ့ မြို့တွေဖြစ်နေတယ်မဟုတ်လား။

နတ်တလူကအပြန်မှာ မီးလောင်ရွာလေးတစ်ရာကိုတော့ မြင်ခဲ့ရပါရဲ့။ နတ်တလူက အထွက်လေးတင်ပါ။ မိနစ်နှစ်ဆယ်ခန့် မောင်းရင်ရောက်တဲ့ ရွာလေးပေါ့။ ခင်ဦးမြို့နယ်၊ တမုတ်ရွာတဲ့။ လမ်းသွားလမ်းလာတွေကို ချောင်းမြောင်းပစ်လို့ဆိုပြီး စစ်တပ်က ပစ်ခတ်ဖမ်းဆီးနေတာတွေ လုပ်နေတာကို မန်းမှလာတဲ့ ကင်တာကားဆရာနဲ့ ကျောင်းသားတစ်ဦးပြောလို့ မနေ့ကတည်းက သိထားခဲ့ရတဲ့ ရွာလေးပေါ့။ အခုထိ မီးမငြိမ်းသေးဘဲ မီးခိုးတလူလူအိမ်တွေတောင် တွေ့မြင်နေရပါတယ်။

ဒီရွာလေးမှာ ဒီလိုတိုက်ပွဲတွေ ဖြစ်နေပေမယ့် နတ်တလူသာသနာပြုစခန်းကတော့ အပစ်အခတ်တွေလည်း သူတို့နဲ့မဆိုင်တဲ့အလား၊ အိုမီခရွန်လည်း သူတို့နဲ့ မပတ်သက်တဲ့အလား ပျော်ပွဲရွှင်ပွဲ ကုသိုလ်ပွဲတွေနဲ့ စည်ကားနေပါတော့တယ်။

ထူးခြားတာလေးတစ်ခုကတော့ ရှိပါတယ်။ မင်းဘိသိက်ခံ စေတီတော် ဉာဏ်တော်မြှင့်ဖို့ ပန္နက်ချပွဲလုပ်တော့ တိုင်းအဆင့် အကြီးအကဲ နှစ်ဦးလုံး တက်ရောက်ကြပါသတဲ့။ အရပ်ဘက်ရော စစ်ဘက်ကရောပေါ့။ သူတို့ကိုယ်တိုင် ပန္နက်ချပေးချင်ပေမယ့် ချခွင့်မရခဲ့ဘူးတဲ့။ ပန္နက်ချမည့်သူရဲ့ အင်္ဂါရပ်နှစ်ပါးက အသက် ၂၀နဲ့ ၄၀ကြား ဖြစ်ရမယ်၊ မိတ်ဟောင်းဆွေဟောင်း ဒကာ ဒကာမများ ဖြစ်ရမယ်ဆိုတာပါပဲ။ တိုင်းအကြီးအကဲနှစ်ဦးလုံးက လေးဆယ်ကျော်အရွယ်တွေလည်းဖြစ်၊ မိတ်ဟောင်းဆွေဟောင်းတွေလည်း မဟုတ်လေတော့ ဂေါပကအဖွဲ့က ပန္နက်ချမည့်ပုဂ္ဂိုလ်စာရင်းထဲ မထည့်ရဲခြင်း ဖြစ်ပါတယ်။

ပန္နက်ချထိုက်တဲ့ အင်္ဂါနှစ်ရပ်ကိုလည်း ဆရာတော်ကြီးကပဲ သတ်မှတ်ပေးထားတာပါတဲ့။
ကိုယ်တိုင် ပန္နက်ခွင့်မရပေမယ့် ပန္နက်ချပွဲတက်ရောက်ခွင့်ရတယ်ဆိုကတည်းက ကုသိုလ်ထူးပြီးသားပါနော်။

လူသားအားလုံး နတ်တလူဆွမ်းလောင်းပွဲ ပရိသတ်လို အပူပင်လည်းကင်း၊ ဘေးရန်လည်းရှင်းကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှိကြပါစေသော်…ဝ်။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
1.4.2022