သတင်း

“လောကအလင်း ပညာရည်ချွန် ဆုပေးပွဲ”

“လောကအလင်း ပညာရည်ချွန် ဆုပေးပွဲ” မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ လောကအလင်း ပညာဒါနကျူရှင်ကျောင်း ပညာရည်ချွန် ဆုပေးပွဲကို သီတင်းကျွတ်လဆန်း ၁၄ရက်(8.10.2022)နေ့၊ မနက်၉:၀၀နာရီ၌ ကျင်းပခဲ့ပါတယ်။ 2022 – ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ကြတဲ့ ကျောင်းသူများကို ဆုပေးတဲ့ပွဲပါ။ ဘုရားကြီးတိုက်၊ ဇေယျာရွှေမြေကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကုသလ(ပါဠိပါရဂူ) နှင့် အရှင်ဝီရသူ (မစိုးရိမ်)တို့ အမှူးပြုတဲ့ ဆရာတော်သံဃာတော်များ၊ ဆရာ/မများ မိဘပြည်သူများ၊ ဧည့်ပရိသတ်များ၊ ကျောင်းသား/သူများ တက်ရောက် ကြပါတယ်။ လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှ ဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသူ ရှစ်ဦးလုံး အောင်မြင်ကြတာပါ။ နှစ်ဘာသာ ဂုဏ်ထူးထွက်သူတစ်ဦး၊ တစ်ဘာသာ ဂုဏ်ထူးထွက် နှစ်ဦး ရှိပါတယ်။ ဂုဏ်ထူးရသူများကို တစ်ဘာသာလျှင် တစ်သိန်းစီ၊ ဂုဏ်ထူးထွက် ဆရာ/မများကို ဂုဏ်ထူးတစ်ခုလျှင် တစ်သိန်းစီ ဆုချသလို အောင်လက်မှတ်များ ဆုတံဆိပ်များလည်း ပေးအပ်ပါတယ်။ လောကအလင်း ပညာဒါနကျူရှင်ကျောင်းကို ၂၀၁၂- ခုနှစ်၌ တည်ထောင်ခဲ့ပြီး နှစ်စဉ်အောင်မြင်ချက်ကောင်း ဂုဏ်ထူးလည်း ထွက်လေ့ရှိပါတယ်။ ဆရာတာ် ဦးဝီရသူက တည်ထောင်ထားတာဖြစ်ပြီး ကျောင်းအုပ်ဆရာတော်အဖြစ် အရှင်သုမန(B.A)က အမြဲကြီးကြပ် အုပ်ချုပ်လျက် ရှိပါတယ်။ ဆရာ/မများလည်း အလုံအလောက် ရှိပါတယ်။ အရင်နှစ်တွေတုန်းက လေးဆယ်ကျော် ငါးဆယ်ဖြေဆိုရာမှ နှစ်ဆယ်ကျော် အမြဲအောင်မြင်လေ့ရှိပြီး အခုနှစ်မှာတော့ ရှစ်ဦးဖြေ ရှစ်ဦးအောင်မြင်ခဲ့တာကြောင့် အောင်ချက် – ရာခိုင်နှုန်းပြည့် ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒီနှစ်မှာလည်း နှစ်ဆယ်ကျော်ရှိပြီး အောင်ချက်ကောင်းဖို့အတွက် အစစအရာရာ ပြင်ဆင်ကြိုးစားလျက်ရှိကြောင်း သိရပါတယ်။