သတင်း

“ကထိန်အောင်ပွဲနှင့် သိက္ခာထပ်ပွဲ အခမ်းအနား”

“ကထိန်အောင်ပွဲနှင့် သိက္ခာထပ်ပွဲ အခမ်းအနား”

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းအုပ်စု၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီး၌ ကျင်းပခြင်းဖြစ်သည်။

၁၃၈၄ – ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၀)ရက်၊ အမျိုးသားနေ့ (17.11.2022)ရက်နေ့၌ အမျိုးသားအောင်ပွဲနေ့
အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ အမျိုးသားရေးဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ – အရှင်ဝီရသူအား
သိက္ခာထပ်ခြင်းဖြစ်သည်။

ရဟန်းဒါယကာ ဒါယိကာမအဖြစ် အမျိုးသားရေး ညီအစ်ကို မောင်နှမများက စုပေါင်းသိက္ခာထပ်ခြင်းဖြစ်ကာ အဆိုပါပွဲကို ရှေးဟောင်းကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာသာမိက ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ သက်တော်(၉၁)နှစ် သိက္ခာတော် – ၇၂ဝါအရွယ်တော်ရှိ သက်တော်ရှည် သာယာကုန်း ဆရာတော်ကြီးအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တောင်ငူ၊ မန္တလေး၊ ရန်ကုန်တို့မှ မဘသဆရာတော် သံဃာတော်များ မျိုးချစ်ပြည်သူများ တက်ရောက်ကြပြီး၊ သိမ်ဆင်းလောင်းလှူခြင်း ဩဝါဒခံယူပွဲ ကျင်းပခြင်းများ ပြုလုပ်ခဲ့ကြသည်။

လူပရိသတ်များတွင် နစကအဖွဲ့ဝင် ဦးခင်မောင်ဆွေ၊ ဦးလှဆွေ (ဘူးလက်လှဆွေ)၊ ဒေါ်ခင်ဝိုင်းကြည်တို့ ပါဝင်သည်ကို တွေ့ရသည်။

အမျိုးသားအောင်ပွဲအဖြစ် ကျင်းပခြင်းဖြစ်၍ ကျောက်ဆည် ဆင်အက၊ ဖြူးဒိုးပတ်ဝိုင်း၊ ဟားစတိုင်လ် အငြိမ့်တို့ဖြင့် ဧည့်ခံဖျော်ဖြေခြင်းများလည်း ပါဝင်သည်။

အခမ်းအနား၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက ဩဝါဒအသီးသီးပေးတော်မူပြီးနောက်
အမျိုးသားရေးဆရာတော် အရှင်ဝီရသူက အနုမောဒနာတရားဟောကြားပြီး ရေစက်ချအမျှဝေ ခဲ့ကြသည်။

နိုင်ငံတစ်ဝှမ်းလုံးရှိ အမျိုးသားရေး ညီနောင်များနှင့် ညီအစ်ကိုမောင်နှမများ ဆုံဆည်းကြသည့်ပွဲဖြစ်ကာ ပျော်ပွဲရှင်ပွဲနှင့် ကင်းကွာနေရသည်မှာကြာပြီဖြစ်သော ကျေးရွာသူ/သားများလည်း အကြိုက်တွေ့ခဲ့ကြောင်း သိရှိရသည်။