သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-က)
—————————
ပြုပြင်သင့်သော အားနည်းချက်
———————
အရှင်ဝီရသူ (မစိုးရိမ်)

” ဘုရားမှတစ်ပါး မမှားသူမရှိ ” ဟုဆိုကြ သည်။ အရှင်သာရိပုတ္တရာမထေရ်ကြီး ယောဂီနှင့်လိုက်ဖက်သည့် ကမ္မဋ္ဌာန်းမပေးမိ၍ ဘုရားကပြုပြင်ပေးရသည့်ဖြစ်ရပ် (တိတ္ထ ဇာတ်တော်)ကို သာဓကပြုပုံရပေသည်။ မမှားသူဟူ၍ ဘုရား၊ ရဟန္တာပဲရှိတယ် ဟု လည်း ဆိုကြပြန်ပါသည်။

သာရိပုတ်မထေရ်ကြီးကား နည်းလမ်းလွဲခြင်းသာဖြစ်သည်။ အမှားကျူးလွန်ခြင်းမဟုတ်။ စရိုက်နှင့်အကြိုက် တည့်အောင်မပေးနိုင်သည်သာ ဖြစ်သည်။ တစ်စုံတစ်ရာ အမှားကျူးလွန်ခြင်းမဟုတ်၊ စရိုက်နှင့် အကြိုက် အံဝင်ခွင်ကျရေးသည် ဘုရားအရာဖြစ်၍ ဉာဏ်မမီခြင်းသာဖြစ်သည်။ ဘုရားကဲ့သို့ပြည့်စုံသူကား မဟုတ်။ ထို့ကြောင့် ” ဘုရား၊ ရဟန္တာမှအမှားကင်းတာ ဟု ဆိုလိုပုံရပေသည်။ ပုထုဇဉ်အမှားကို ခွင့်လွှတ်နားလည်ပေးသည့်သဘောပင်။ သူလည်းလေ လောကီသားပေမို့ဟု စာနာတတ်သောစာစုနှင့်အတူပင်။

ဤသည်ကိုရှု၍ လူတိုင်းအမှားမကင်းကြောင်းနှင့် ပြီးပြည့်စုံသူဟူ၍ မရှိကြောင်းကို သိနိုင်ပေသည်။ စာရေးသူတွင်လည်း အားနည်းချက်ရှိပေသည်။ အဆိုပါ အားနည်းချက်ကို အနီးနေတပည့်များက ပို၍သိကြပေသည်။

ဘုန်းကြီးရဲ့ အားနည်းချက်က အဲ့ဒါပဲ။ ယုံလွယ်တတ်တယ်၊ သနားတတ်တယ်၊ အားနာတတ်တယ်ဟု တပည့်တစ်ပါး ရေး သားထားသည်ကို တွေ့ရလေသည်။ မှန်ပါ သည်။ စာရေးသူသည် ပုဂ္ဂိုလ်ရေးအရဆို လျှင် အင်မတန်အားနာတတ်ပေသည်။ စော်ကားမော်ကား ပြောကြားရန်ဆိုသည် မှာဝေး၍ မောက်မောက်မာမာ ပြင်းပြင်း ထန်ထန်ပင် မပြောကြားတတ်ပေ။ လိမ် မှန်းသိလည်း မသိဟန်ဆောင်၍ နေတတ် ၏။ အကောက်ကြံမှန်းသိလည်း မသိသကဲ့ သို့ပင် နေတတ်၏။ မဖြောင့်မှန်သူမှန်းသိလျက်လည်း ဖြောင့်မတ်ရိုးသားသူကို ဆက်ဆံသည့်အလား ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံတတ်၏။ အားနာသည်လည်း ပါ၏။ သူတစ်ပါးအရှက်ရမည်ကို မလိုလား သည်လည်းပါ၏။ လူ့သိက္ခာမရှိသော် လည်း သူ့သိက္ခာကို လေးစားသည့်အနေ ဖြင့် ဆက်ဆံပေးခြင်းလည်းပါ၏။ အမျိုး – ဘာသာ – သာသနာအတွက် မည်သည့် မျက်နှာ၊ မည်သည့်အရာမျှ မထောက်ညှာ တတ်သော်လည်းပုဂ္ဂိုလ်ရေးအရ အင်မတန် မျက်နှာပူတတ်သူဖြစ်ပါသည်။ လူ့အတ္တကို ထိပါးနိုင်သည့် အပြောအဆို၊ အမူအရာ များကို အပြည့်အဝ စောင့်ထိန်းပါသည်။ သူခိုးမှန်းသိလျက် သူခိုးဟု အရိပ်အမြွက် မျှပင် ပြောလေ့မရှိပေ။ သူခိုးအတ္တ ထိပါး နိုင်သောကြောင့်တည်း။ သူခိုးအရှက်ရနိုင် သောကြောင့်တည်း။

စာရေးသူတို့အမျိုးသားရေးလောက၌ ထင်ရှားသည့် အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါသည်။ လူမျိုးတုအမည်နာမဖြင့် ကမ္ဘာက မြန်မာကိုအနိုင်ကျင့်လာသောအခါ မခံ မရပ်နိုင်သောမျိုးချစ်များက ဆန္ဒထုတ်ဖော် ပွဲများကျင်းပကာ တုံ့ပြန်ခဲ့ကြပါသည်။

အဆိုပါ အမျိုးသားရေးပွဲများ၌ ပြည်ပသတင်းသမားများအား အင်္ဂလိပ်လို ဖြေကြားသည့် အမျိုးသမီးတစ်ဦးဆိုလျှင် လူတိုင်းသိကြပေမည်။ အဆိုပါ အမျိုး သမီးမိသားစုက စာရေးသူအား ပုံနှိပ်စက် အဟောင်းတစ်လုံး ရောင်းခဲ့ဖူးပါသည်။ ထိုစဉ်က စာရေးသူတို့အဖွဲ့တွင် ပုံနှိပ်စက်မရှိသေးသဖြင့် ပုံနှိပ်စက်တစ်လုံး လိုအပ်နေချိန်လည်းဖြစ်၊ ဈေးလည်းသက်သာနေသဖြင့် ဝယ်ယူလိုက်ပါသည်။ လည်ပတ်နေဆဲဖြစ်သည်၊ လည်ပတ်နိုင်သည်အထိ တာဝန်ယူမည်ဆို၍ ယုံကြည်မှုတစ်ခုတည်းဖြင့် ဝယ်ယူခဲ့သော်လည်း ယခုအထိ မလည်ပတ်နိုင်ခဲ့ပေ။ နှစ်ပေါင်းလည်း မနည်းတော့ပေ။ ပုံနှိပ်စက်မလည်ပတ်နိုင်သည်ကို ဖြေသာသော်လည်း ငွေကြေးကိစ္စကို တစ်လုံးတစ်ပါဒမျှ ပြန်မဟဘဲ ယခုချိန်ထိ မသိကျိုးကျွံပြုလျက် နေနိုင်ရက်အားသည်ကိုကား အံ့အားသင့်နေမိပေသည်။

ပုံနှိပ်စက်ဝယ်ပြီး မကြာမီ၌ပင် ၎င်းက မက်ဆေ့ခ်ျပို့ လျှောက်ထားပါသည်။ ကျန်းမာရေးအတွက် ငွေအခက်အခဲရှိနေ၍ ခဏမျှကူညီပါ။ သို့သော် မည်သူမျှ မသိစေချင်ပါဟူ၏။ စာရေးသူလည်း ငွေလွှဲပေးလိုက်ပေသည်။ ငွေသွားလွှဲသော တပည့်လေးထံတွင်ရက်စွဲနှင့်မှတ်တမ်း ယခုထိရှိပါသည်။ သူအကူအညီတောင်းသည့်အခါ စာရေးသူစဉ်းစားပါသည်။

သူ့ခမျာ အမျိုးသားရေးအတွက် ဥရောပမှ ပြန်လာရရှာ၏။ ကင်ဆာရောဂါဖြင့် ဆေးရုံတက်နေသည့်တိုင် အမျိုးများ လူမမာမေးသွားကြသည်ကို မတွေ့ရပေ။ ပစ်ထား၍ကား မသင့်။ ဤသို့ဖြင့် တပည့် လေးကို ငွေလွှဲခိုင်းသည်အထိ အထ မြောက်သွားခဲ့ပေသည်။ သနားလည်း သနားပါသည်။ အဝေးကြီးမှ ပြန်လာ၍ တစ်မျိုးသားလုံးအတွက် အလုပ်လုပ်ရှာ သည်ဟု တွေးမိခြင်းကြောင့် သနားခြင်း ဖြစ်၏။ လေးလည်း လေးစားပါသည်။ ငွေ ကုန်ကြေးကျခံ၍ ကိုယ်ကျိုးစွန့် အနစ်နာခံ သောကြောင့်ဖြစ်၏။

ထို့ကြောင့် သူ့သတင်း၊ သူ့ပုံလေးများ တက်လာတိုင်း မေတ္တာပို့ ဆုတောင်းပေးနေမိပါသည်။ သူ ဥရောပပြန်သွားပါသည်။ ကျန်းမာရေးကောင်းသွားပါပြီ။ အမျိုးသားရေးလုပ်ငန်းများ ဆက်လုပ်နေပါသည်။ ICJ နှင့်ပတ်သက်၍ Live လွှင့်ပြောကြားသည့် ရုပ်သံဖိုင်များလည်း တင်နေပါသည်။ မည်သည့်အရပ်တွင် နေ နေ၊ မည်သည့်ဘဝရောက်ရောက်၊ မည်သည့်အခြေအနေမျိုးပင်ဖြစ်ဖြစ် အမျိုးသားရေး လုပ်နေသဖြင့် ချီးကျူးဂုဏ်ယူ နေမိပေသည်။

ဆက်လက်ဖော်ပြပါမည်။

(၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၈)တွင် ဖော်ပြပါရှိသော စာမူဖြစ်ပါသည်)