သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဃ)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၃-ဃ)
—————————
“ ပြုပြင်သင့်သော အားနည်းချက်
————————

ထိုအကြောက်တရားကို ဖုံးကွယ်လို၍ စာရေးသူသိက္ခာကို တက်နင်းလိုက်ခြင်း ဖြစ်ပါသည်။ သူနှင့် မာတုဂါမ ပြဿနာ ဖြစ်ခဲ့ဟိုးလေးတကျော်သည်မှာ သံဃာအများစု သိရှိပြီးဖြစ်ပါသည်။ ပါရာဇိကဂျိုးသမားကြီးက အထက်ပါ စကားဖြင့် စာရေးသူကို ကလေးများရှေ့ တိုက်ခိုက်သည်ကို မခံမရပ်နိုင်ဖြစ်ခဲ့သော် လည်း သည်းခံနိုင်ခဲ့ပါသည်။ သူ့သိက္ခာကို လေးစားသောကြောင့် ဖြစ်ပါသည်။ ရဟန်း သိက္ခာမရှိလောက်အောင် ပျက်စီးနေစေ ကာမူ လူ့သိက္ခာတော့ ရှိသေးသည်သာ။

ကျောင်းဒကာ၊ ဒကာမတွေကိုပြော လိုက်ပါကွာ။ မိန်းမလိုက်စားတဲ့ ပါရာဇိက ဂျိုးကြီးကိုတော့ ဘုန်းကြီးလို့ အသိအမှတ် ပြုနိုင်သလား။ ဤတစ်ခွန်းတည်းဖြင့် အောင်နိုင်သူကြီးဖြစ်နိုင်သော်လည်း သူ့ ခမျာ မခံမရပ်နိုင်ဖြစ်သွားမည်၊ ဆက်ဆံ ရေး အဖုအထစ်ဖြစ်သွားမည်၊ လုပ်ငန်းများ ရပ်ဆိုင်းသွားလိမ့်မည် စသည်အထိ တွေး တောနိုင်လိုက်ခြင်းကြောင့် သည်းခံခဲ့ခြင်း ဖြစ်ပါသည်။ သူပြောသကဲ့သို့လည်း မဟုတ်ပါ။ သူ၏ ကျောင်းဒကာ၊ ဒကာမ များက စာရေးသူကို ကျေးဇူးတင်နေကြပါ သည်။ သူတို့ဘုန်းကြီး အထီးကျန်နေချိန် တွင်ကူညီဖော်ရ၍ ကျေးဇူးတင်သည်က တစ်ကြောင်း၊ သူတို့ကျောင်းဆောင်များ နေထိုင်သူမရှိသဖြင့် နှစ်ပေါင်းများစွာ လူသူလေးပါး ဆိတ်သုဉ်းနေရာမှ ပြန်လည်စည်ကားလာသောကြောင့် ကျေးဇူး တင်သည်ကတစ်ကြောင်းကြောင့် ခြေတော် ဦးခိုက် ခွင့်ပြုပါဘုရား ဟု ခြေဖမိုးကိုဦးတိုက်သူများပင် ရှိခဲ့ပါသည်။

သို့သော်လည်း စာရေးသူသည် လူရှေ့သူရှေ့စော်ကားခံလိုက်ရပါတော့သည်။ ဤသည်မှာ အားနာလျှင် ခါးပါတတ်သည်ဆိုသည့်အတိုင်း အားနာတတ်သောကြောင့် အစော်ကားခံရပုံ သာဓကတစ်ခု ဖြစ်ပါသည်။ စာရေးသူ၏ ပင်ကိုအားနည်းချက်တစ်ခုပင်။

စာရေးသူထံ အကူအညီလာတောင်းသည့်အခါ မရိုးသားသူဖြစ်ပါစေ အကယ်၍များ အမှန်တကယ် အခက်အခဲ တွေ့သူဖြစ်နေလျှင်ဟူသည့် အတွေးဖြင့် မကူညီဘဲ မနေဝံ့ပေ။ အခက်အခဲတွေ့သူ မိမိထံရောက်လာပါလျက် မကူညီလိုက်ရကောင်းလားဟူသောအတွေးဖြင့် နောင်တပူပန်ရမည့်အစား အလိမ်ခံလိုက်ရသည်က သက်သာသေးသည် မဟုတ်ပါလော။ ရိုးသားသော်လည်း အကြိမ်ကြိမ်အခါခါ အကူအညီတောင်းလာသူဖြစ်နေလျှင် သူ့ခမျာ လိုအပ်၍ပဲလေဟု နှလုံးသွင်းကာ အနည်းအကျဉ်းအားဖြင့် ကူညီလိုက်သည်သာဖြစ်၏။

ဆရာတော် ခဏခဏ လာလိမ်နေတာဘုရား ဟု တပည့်များက လျှောက်လျှင်လည်း အဓိက ငွေလိုတာပဲ မဟုတ် လား ဟု ပြန်ပြောဖြစ်လေ၏။ အကူအညီလာတောင်းသူအား အနည်းဆုံးအနေဖြင့် နှုတ်ဖြင့်စောင်မခြင်းဖြင့်ကား ကူညီဖြစ်သည်သာ ဖြစ်ပါသည်။ မကူညီဘဲ မနေနိုင်ပေ။ ကူညီရန်အခွင့်အလမ်းမရလိုက်လျှင်လည်း မကြာခဏ ပြန်မြင်နေလေတော့၏။

၂ဝ၁၄ ရခိုင်ခရီးစဉ်တွင် ကျောင်းသား အရွယ်ကောင်လေးတစ်ယောက် ငှက်ပျောခိုင်တစ်ဖက်တစ်ချက်စီ ထမ်းလာသည်ကို တွေ့ရပါသည်။ စာရေးသူကို ထီးဖြူမိုးကာ စည်တော်များဖြင့် ကြိုဆိုနေကြသဖြင့် ပရိသတ်ကို အာရုံစိုက်နေသည့်ကြားမှ မြင်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ဈေးကိုဖြတ်သွားရသဖြင့် လမ်းလျှောက်ရင်း ဘေးချင်းကပ်မြင်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ချွေးတလုံးလုံးဖြင့် ဗိုက်ဆာနေသည့်အမူအရာ၊ ငှက်ပျောခိုင် ဒိုင်သွားသွင်း၍ အဆင်မပြေ၍လော သို့တည်းမဟုတ် နောက်ကျနေ၍လော မပြောတတ်ပေ။ အမူအရာက ဒုက္ခရောက်နေမှန်း သိသာပေသည်။ ပိုက်ဆံမကိုင်သဖြင့် ပေးစရာမပါ။

တပည့်များကို လှမ်းကြည့်လိုက်သည့်အခါတွင်လည်း လုံခြုံရေးယူသူကယူ၊ ကင်မရာ ကိုင်သူကကိုင်နှင့် အနားတွင်မရှိကြ။ လမ်းသွားရင်းဖြစ်၍လည်း ဆွဲငှားပေးရန် မသင့်လျော်သောကြောင့် လက်လျှော့ခဲ့ရပေသည်။ သို့သော် ယခုအချိန်ထိ အဆိုပါ ငှက်ပျောခိုင်ထမ်းပုံလေးကို မြင်ယောင်နေဆဲ ဖြစ်ပါသည်။

တစ်စုံတစ်ယောက်က အကူအညီတောင်းလာလျှင် အမျိုးသားရေး အမြင်ဖြင့်ကြည့်မိကာ တစ်သီကြီးတွေးတောမိသည်ကများလေသည်။ ဪ.သူ့ခမြာ ဟုဆိုကာ မီးခိုးမဆုံး မိုးမဆုံး တွေးတောမိရာမှ အလိမ်ခံရသည့်ဖြစ်ရပ်များလည်းမနည်းလှပေ။

ထို့ကြောင့် ငွေကြေး အကူအညီတောင်းပြီး လှည့်မကြည့်သူက များလေသည်။ ဘုန်းကြီးအကြောင်း သိနေကြသည်ကိုး။ လေး၊ ငါးလစာ ကြိုတင်ထုတ်ယူပြီး အလုပ်မလာသည့် ဝန်ထမ်းများ၊ အလုပ်မမှန်သည့် ဝန်ထမ်းများ၊ စာရင်းမရှင်းနိုင်သည့် ဝန်ထမ်းများလည်း မနည်းလှပေ။ သူခိုးတွင်လည်း လူ့သိက္ခာရှိသည်ဟူသော လက်စွဲဆောင်ပုဒ် ကျင့်သုံးသည့်ဘုန်းကြီးဖြစ်မှန်း သိထားသောကြောင့်တည်း။

အနီးနေ စာပေသမားတစ်ယောက်ကို ကြော်ငြာတစ်ခု စုံစမ်းခိုင်းလိုက်သည်။ ထိုဌာနနှင့် ရင်းနှီးနေသူဖြစ်၍ ခိုင်းလိုက်ခြင်းဖြစ်သည်။ ဈေးနှုန်းပြောသည်။ ပိုက်ဆံ ပေးလိုက်သည်။ ပထမအကြိမ် ဖြတ်ပိုင်း တောင်းသည်။ အိမ်တွင်ကျန်ခဲ့သည်ဆို၏။ ဒုတိယအကြိမ် မေ့နေ၍မရှာမိခဲ့ဟူ၏။ တတိယအကြိမ် ဝေ့နေပြန်သည်။ သဘော ပေါက်လိုက်ပြီ။ ငွေပိုထုတ်သွားခြင်းဖြစ်ပေ လိမ့်မည်။ ဖုန်းတစ်ချက်ဆက်ရုံဖြင့် ထို ဈေးနှုန်းသိနိုင်သော်လည်း မဆက်ဖြစ်ခဲ့ပါ။ အမှုမှန်ပေါ်ပေါက်သွားလျှင် အရှက်ရသွားမည်စိုးသောကြောင့်ပင်။ အကြိမ်ကြိမ်၊အလီလီ ဤသို့ကြုံရသော်လည်း စွပ်စွဲပြစ်တင်ရန်ဝေးစွ မင်းခိုးတာ ငါသိ တယ် အဓိပ္ပာယ်ဆောင်သည့် အကြည့်မျိုးဖြင့်ပင် မကြည့်ရက်ခဲ့ပါ။ သိက္ခာထိပါးမည်စိုးသည်လော၊ အားနာသည်လော မပြောတတ်တော့ပေ။

နိုင်ငံရေးသမားများထဲတွင်လည်း ညာစားတတ်သူရှိသည်။ စကားကို ချိုအောင်ပြောတတ်သည်။ စကားလုံးကို သိမ်မွေ့နူးညံ့စွာ သုံးတတ်သည်။ ဝေါဟာရလှလှလေးများလည်း သုံးတတ်သည်။ အယုံလွယ်သူအဖို့ အထင်ကြီးလေးစားမိသည်မှာ မဆန်းပေ။ အကူအညီလာတောင်းသဖြင့် ကူညီလိုက်ရသည်မျိုးရှိသကဲ့သို့ အခမ်းအနားတစ်ခုတည်း ငွေဆယ်သိန်းအကုန်ပြကာ စာရင်းအင်းမရှင်းသည့် နိုင်ငံရေးသမားမျိုးနှင့်လည်း ကြုံခဲ့ရပေသည်။ အနီးနေတပည့်များ၊ ဝန်းရံတပည့်များက သဘောမကျသော်လည်း အပြစ်မပြောရှာပေ။ ထိပ်ချမှ ဓားပြမှန်းသိသူများထဲတွင် အယုံလွယ်သူများပါဝင်မည်မှာ အမှန်ပင်။ စာရေးသူဘဝသည်ကား နောက်ကျောတွင်လည်း ဒဏ်ရာနှင့်၊ နဖူးတွင်လည်း ဒဏ်ရာနှင့်ဖြစ်၍ ဒဏ်ရာဗရပွနှင့် ဝီရသူအဖြစ် အရေထူလျက်ရှိပေတော့၏။

လူသားအားလုံး သနားတတ်၊ အားနာတတ်၊ အယုံလွယ်တတ်သူများ အပေါ်အခွင့်ကောင်းယူ၊ အမြတ်ထုတ်ခြင်း မှ ရှောင်ကြဉ်နိုင်ကြပါစေ။

ပြုပြင်သင့်သောအားနည်းချက်များ ” ပြီးပါပြီ။

အရှင်ဝီရသူ (မစိုးရိမ်)
၁၉-၆-၂ဝ၂ဝ

(၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၈)တွင် ဖော်ပြပါရှိသော စာမူဖြစ်ပါသ