သတင်း

“ ဦးရီးတော်ဘုရား၏ ဈာပန ”

“ ဦးရီးတော်ဘုရား၏ ဈာပန ” ================== – စာရေးသူရဲ့ ဦးရီးတော် ဈာပနပါ။ – သက်တော် ၆၅နှစ် သိက္ခာတော်-၂၁၀ါပါ။ – စာရေးသူတည်ထောင်ထားတဲ့ ပညာရေးအကယ်ဒမီမှာ နေထိုင်ပြီး စာရေးသူကို ကူညီနေသူပါ။ – စာရေးသူရဲ့ အမေ့မောင်ပေါ့။ – စာရေးသူရဲ့ အဖိုး(အမေ့ဦးလေး)က သက်တော် ရှစ်ဆယ်ကျော်မှ ပျံလွန်သွားတာပါ။ – စာရေးသူရဲ့ ကိုရင်ဘဝ ဥပဇ္ဈာယ် (ရှင်ဥပဇ္ဈာယ်) ဆရာပေါ့။ – စာရေးသူရဲ့ ရှင်ဥပဇ္ဈာယ်ဆရာရဲ့ အဖေကလည်း ရဟန်းဝတ်နဲ့ပဲ ပျံလွန်သွားတာပါ။ – ရဟန်းသိက္ခာ ဆယ်ဝါအရမှာ ဝေဘူဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်တုန်းက ပျံလွန်ခဲ့တာပါ။ – စာရေးသူတို့က ဘုန်းကြီးမျိုးလို့ ပြောရမလားပဲ။ နောက်ထပ် ဦးလေးတွေ၊ တူတွေ၊ ညီတွေလည်း ရဟန်းဝတ်နဲ့ပဲ အရိုးထုတ်တော့မယ်ဆိုပြီး သာသနာ့ဘောင် ရောက်နေတာ သိက္ခာဝါတွေ အတော်ရနေပါပြီ။ အခု ဦးလေးကတော့ ရဟန်းဘွဲ့ ဦးအာလောက လူအမည် ဦးအေးကြူပါ။ အနေအေးလို့ ရေခဲတုံးဆိုတဲ့ အမည်ရခဲ့သူလည်း ဖြစ်ပါတယ်။ မပျံလွန်ခင် ရက်ပိုင်းအလိုတုန်းက မန္တလေးဆေးရုံကြီး နှလုံးအထူးကုဆောင်မှာ ဆေးရုံတက်နေတာပါ။ စာရေးသူလည်း သွားရောက်ထောက်ပံ့ပြီး ပရိတ်ရွတ်ပေးခဲ့ပါသေးတယ်။ 8.10.2022ရက်နေ့ ညနေ 4:20မှာ ပျံလွန်ပြီး 9.10.2022ရက်နေ့ 4:00မှာ သဂြိုဟ်ခဲ့ပါတယ်။ ကျောက်ဆည်မြို့ ရွှေလှံထောင်ကျောင်းမှာ ဈာပနကျင်းပတာပါ။ ရွှေလှံထောင်ကျောင်းဟာ စာရေးသူ ကိုရင်ဝတ်ရာ မိခင်ကျောင်းဖြစ်သလို၊ စာရေးသူရဲ့ အဖိုးလည်းဖြစ် ဥပဇ္ဈာယ်လည်းဖြစ်တဲ့ ဆရာတော် ဦးပညာသာမိ တည်ထောင်ခဲ့တဲ့ ကျောင်းတိုက်လည်း ဖြစ်ပါတယ်။ စာရေးသူဟာ အမျိုးသားရေးအလုပ်တွေနဲ့ပဲ အချိန်ကုန်နေလို့ မိခင်နှင့် မောင်နှမတွေအပေါ်မှာရော ဆွေမျိုးတွေအပေါ်မှာပါ တာဝန်မကျေခဲ့ပါဘူး။ အမေ့ကို အိမ်ကောင်းကောင်းနဲ့ မထားနိုင်ခဲ့သလို အဒေါ်ကိုလည်း သွားတုစိုက်မပေးနိုင်ခဲ့ပါဘူး။ ဒီဦးလေးအပေါ်တော့ တာဝန်ကျေတယ်လို့ ယူဆရပါတယ်။ အနားရောက်လာချိန်မှစပြီး အလောင်းမြေချတဲ့အထိ အကုန်တာဝန်ယူ ခဲ့လို့ပါ။ လေယာဉ် မစီးဖူးလို့ဆိုပြီး ခဏခဏ ပူဆာခဲ့ပါတယ်။ ခေါ်မယ် ခေါ်မယ် ပြောထားပြီး မခေါ်ဖြစ်ခဲ့ပါဘူး။ စာရေးသူ – တောထဲနဲ့ အင်းစိန်ကိုရောက်နေတုန်းက ဦးလေးပျံလွန်မှာ တွေးပူမိခဲ့ပါတယ်။ လေယာဉ် မစီးဖူးလိုက်ရမှာ စိုးလို့ပါ။ ဒါနဲ့ စာရေးသူရဲ့မွေးနေ့ (26.6.2022)ရက်နေ့ မတိုင်မီ ရန်ကုန်သွားတော့ ဦးလေးကို မှတ်မှတ်ရရ ခေါ်သွားလိုက် ပါတယ်။ လေယာဉ် စီးဖူးသွားလို့လား မသိပါဘူး။ ရန်ကုန်က ပြန်လာကတည်းက ကျန်းမာရေးမကောင်းတာ ပျံလွန်တဲ့နေ့အထိပါပဲ။ အနေအေးပြီး စိတ်ရင်းစေတနာကောင်းတဲ့ ဦးလေး ကောင်းရာမွန်ရာ ရောက်ရာမှာမို့ သူ့ဂတိအတွက် စိတ်မပူမိသလို သူ့အပေါ်တာဝန်ကျေခဲ့သူ ဖြစ်လို့လည်း မိမိကိုယ်ကို ကျေနပ်နေမိပါတယ်။ ။