သတင်း

ဉေယျဓမ်တောရသို့ … (၁၇)

ဉေယျဓမ်တောရသို့ … (၁၇)
===============

စာရေးသူ ဉေယျဓမ်တောရမှ ပြန်လာပြီးနောက်ပိုင်း ဆောင်းပါးများ နေ့စဉ်ရေးတင်ပါတော့တယ်။ ပရိသတ်စိတ်ဝင်စားမှုလည်း မြင့်မားလှပါတယ်။ အမှတ်(၂) မတင်သေးဘူးလား၊ အမှတ်(၃) မျှော်နေပါတယ် စသဖြင့် ဖုန်းဆက်မေးမြန်းသူတွေလည်း များပြားပါတယ်။ ကွန်ပျူတာဆရာအားတဲ့အခါ မီးကမလာ၊ မီးလာတဲ့အခါ ကွန်ပျူတာဆရာမရှိ။ ဒီလိုအခက်အခဲတွေကြောင့် နေ့စဉ် ဖေ့စ်ဘုတ်မတင်ဖြစ်ခဲ့ပေမယ့် လက်ရေးမူကိုတော့ နေ့စဉ်ရေးဖြစ်နေပါတယ်။ နေ့စဉ် စာရေးဖြစ်ပါလျက် ရက်ခြားမှ ဖေ့စ်ဘုတ်တင်ရခြင်းကတော့ လူနဲ့မီး အမြဲဒွန်မတွဲနိုင်ခြင်း ပြဿနာပါပဲ။

စာရေးသူရဲ့ ဆောင်းပါးတွေ စိတ်ဝင်စားမှု မြင့်တက်နေချိန်မှာပဲ ဗီဒီယိုဖိုင်က ပေါက်ကြားသွားတာပါ။ စာရေးသူရဲ့ စိတ်ကူးကတော့ စာတွေနဲ့ ပုံတွေပဲ တင်မယ်။ တောင်းဆိုလာမှ ရုပ်/သံတင်မယ်။ ရုပ်/သံကိုလည်း လိုရင်းတွေပဲ တင်မယ်။ ဥပမာ- ယန်ဟီးလီကို မေတ္တာပို့တာနဲ့ပတ်သက်တဲ့ နေရာမျိုးလေးပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ ပေါက်ကြားသွားတော့ စာရေးသူရဲ့ ဆောင်းပါးတွေလည်း စိတ်ဝင်စားမှုနှုန်း လျော့ကျ၊ အမြဲတန်း မကောင်းတဲ့ဘက်ကပဲ ကြည့်ရှုမြင်တတ်တဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေလည်း အကုသိုလ်တိုး ဖြစ်ကုန်ကြရတာပေါ့။

အဲဒီလို ရုပ်သံဖိုင် ပေါက်ကြားမှုကလည်း စားရေးသူရဲ့ အားနည်းချက်ကြောင့်ပါပဲ။ အားနာတတ်တာ၊ သနားတတ်တာကိုးနော်။ ပေါက်မည့်ပေါက်တော့လည်း တကယ့်အပိုင်းမှ ပေါက်သွားတာပါ။ ဆရာတော်ကြီးကိုလည်း အားနာဖို့ကောင်းပါတယ်။ ကပ္ပိယအဖွဲ့ကိုလည်း အားနာဖို့ကောင်းပါတယ်။
ဒါပေမဲ့ ဆရာတော်ကြီးရော ကပ္ပိယအဖွဲ့ရောက သိပ်မမှုသလိုပဲဗျ။
ဘာကြောင့်ဆို ဆရာတော်ကြီးရဲ့ ဆန္ဒအရ ဆရာတော်ကြီးရဲ့ ကဗျာစာမူနှစ်ခုကို စာရေးသူအတွက် လက်ဆောင်ထပ်ပေးလို့ပါပဲ။ စက်တင်ပုံနှိပ်တာ ထုတ်ဝေဖြန်ချိတာတွေ မလုပ်ရသေးတဲ့ ကွန်ပျူတာစာစီမူ ကဗျာစာအုပ်နှစ်အုပ်ပါ။ စာရေးသူလက်ထဲတော့ 2.4.2022 ရက်နေ့မှာ ကဗျာ့ဗိမာန်စာအုပ် ရောက်ရှိနေပါပြီ။ မန္တလေးမှ ကပ္ပိယကိုဟန်ဝင်း လာပို့တာပါ။ ကဗျာတွေလည်း ကောင်းမှကောင်းပါပဲ။ မင်းဘိသိက်ခံ စေတီတော်ရဲ့ ဘွဲ့တော်အကြောင်း အဲဒီထဲက ကဗျာဖတ်လိုက်ရမှ သဘောပေါက်တာပါ။ မင်းဘိသိက်ခံ ဘွဲ့အမည်ဟာ နိုင်ငံရေးမဟုတ်ပါဘူးဗျာ။ လုံးဝ မဟုတ်တာပါ။

ရုပ်သံဖိုင် လိုင်းပေါ်ပျံ့သွားလို့ ပရိသတ်တွေ သိလိုတာတွေ သိရှိသွားတာကြောင့် ပရိသတ်ဆန္ဒ ပြည့်ဝသွားပါတယ်။ စာရေးသူအပေါ် ကျရောက်နေတဲ့ ဖိအားတွေလည်း လျော့ပါးသွားပါတယ်။

ပရိသတ် အဓိကသိချင်တာက ဘာတွေပြောကြတယ်၊ ဘယ်လိုတွေ့ဆုံကြတယ်၊ ဘာတွေဆွေးနွေးကြတယ် စတာတွေပါ။ ဒါပေမဲ့ စာရေးသူတို့ တွေ့ဆုံပုံက ဆွေးနွေးခြင်းလည်း မဟုတ်၊ တရားနာခြင်းလည်း မဟုတ်၊ သြဝါဒခံခြင်းလည်း မဟုတ်၊ ဖူးမြော်ရုံသက်သက်လည်း မဟုတ်တဲ့ သာမန်တွေ့ဆုံမှု သက်သက်ပါပဲ။ အဖိုးဖြစ်သူက ပညာသင်ပြန်လာတဲ့ မြေးဖြစ်သူကို ဝမ်းသာအားရ ကြိုဆိုပြီး ရှေးဟောင်းနောင်းဖြစ် စကားတွေကို တပျော်တပါးကြီး ပြောဆိုနေမိတဲ့ ပုံစံလေးလိုပဲ ရှိပါတယ်။

ဆရာတော်ကြီးမိန့်သမျှကိုသာ စာရေးသူတို့က နားထောင်ခဲ့ရပြီး ဆရာတော်ကြီးကို ပြန်လည်လျှောက်ထားတာက အင်မတန်မှ နည်းပါးပါတယ်။ ဒါကြောင့် နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာဆိုဘာမှ မဆွေးနွေးဘဲ စပ်မိစပ်ရာ မိန့်တော်မူတာကိုပဲ နားထောင်ခဲ့ရတယ်လို့ မှတ်ကြပါ။

ဆရာတော်ကြီးက စာရေးသူကို မြေးလေးလို ဂရုစိုက်တာ၊ အလိုလိုက်တာတွေတော့ စာရှုသူတို့ တွေ့ပြီးကြရောပေါ့။ စာရေးသူလာမယ်ဆိုလို့ မျှော်နေရပုံကိုလည်း မိန့်တော်မူပါသေးတယ်။
“အရှင်ဘုရား ကြွလာမယ်ဆိုလို့ ဒီမှာ မျှော်လိုက်ရတာ မနက် ၂း၃၀ ကတည်းကပါပဲ။”
“အရှင်ဘုရားနဲ့ တွေ့ရမယ်ဆိုလို့ မနေ့ကတည်းက ခေါင်းရိတ်ထားပါတယ်”တဲ့။

စာရှုသူတို့အားလုံး ပညာရှိသူတော်ကောင်းများရဲ့ ချီးမြှောက်ထောက်ပံ့ အားပေး ဂရုစိုက်မှုကို မုချမသွေ ခံယူကြရပါစေသော်…..။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
4.4.2022