ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၃)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၃၃)

 “တွေ့ကြုံဆုံရ လေယာဉ်စီး ခရီးသည်ဘ၀”

စာရေးသူ လေယာဉ်စီး၍ ခရီးသွားရာ၌ အတွေ့အကြုံများစွာ ရရှိခဲ့ပါသည်။ ခရီးသွားရာ၌ ခရီးဖော်မျိုးစုံက ပေးခဲ့သော အဖြစ်အပျက်များလည်း ပါဝင်ပါသည်။

မနက်အစော ယာဂုံ(ဆန်ပြုတ်)ဘုဉ်းပေးလာခဲ့သည်။ တံတားဦးလေဆိပ်သို့ ရောက်ပြီး၍ မကြာမီတွင် လေယာဉ်နောက်ကျကြောင်း ကြေညာသည်နှင့် ကြုံရ၏။ ခါတိုင်း၌ မနက်ရှစ်နာရီဆိုလျှင် ရန်ကုန်လေဆိပ်ရောက်နေပြီဖြစ်သော်လည်း ထိုနေ့၌ မနက်ဆယ်နာရီကျော်မှသာ လေယာဉ်ထွက်ပါသည်။ တစ်ဆယ့်တစ်နာရီထိုးပြီးကာစတွင် ပုံမှန်အတိုင်း လေယာဉ်မယ်က အာဟာရများဝေငှပါသည်။ စာရေးသူတို့ ရဟန်းတော်နှစ်ပါးအား ဆွမ်းကပ်လိမ့်မည် ထင်မှတ်ခဲ့သော်လည်း မကပ်ကြပါ။ ခရီးသည်အားလုံးအား ဝေငှသည့် မုန့်နှစ်ခုနှင့် ကော်ဖီသာ ကပ်ကြပါသည်။ ကျန်းမာရေးအရ ကော်ဖီမသောက်သဖြင့် မုန့်ငယ်လေးနှစ်ခုနှင့် ရေနွေးကြမ်းသာ ဘုဉ်းပေးလိုက်ရပါသည်။ ရန်ကုန်လေဆိပ် ရောက်သည့်အခါ မွန်းလွဲစ (၁၂း၁၅) နာရီ ဖြစ်နေပါပြီ။ နားနေဆောင်ရောက်မှသာ သစ်သီးဖျော်ရည် အဝသောက်လိုက်ရပါသည်။

နိုင်ငံတကာလေကြောင်းလိုင်းဖြစ်ပါလျက် နိုင်ငံတကာမဆန်သည့် ဝန်ဆောင်မှုကို စိတ်ပျက်သွားပါသည်။ မွန်းတည့်ခါနီးအချိန် ရဟန်းတော်နှစ်ပါးအား ဆွမ်းမကပ်နိုင်သည့်တိုင် ဂါရဝနိဝါတဖြင့် နှိမ့်ချရိုကျိုးစွာ တောင်းပန်၍ ခရီးသည်တိုင်းအား ဝေငှသည့်မုန့်ကိုပင် လိုက်ပွဲတစ်ရပ်အနေဖြင့် ထပ်မံဆက်ကပ်ပေးမည်ဆိုလျှင်ပင် မျှတသည်အထိ ပြီးပြည့်စုံနိုင်ပေသည်။ ယခုမူ ခွဲတမ်းကျ ဝေပေးရုံမှတစ်ပါး ရှိသည်ဟုပင် မထင်ရှာပေ။ နိုင်ငံတကာ၌ ယခုလိုနောက်ကျပါက ခရီးသည်စိတ်တိုင်းကျ ဝန်ဆောင်မှုအပြည့် ပေးရလေသည်။ အခြားစားစရာမဆိုထားဘိ ဘီယာကိုပင်လျှင် ဖာလိုက်ချပေးရသည်ဟူ၏။ သည်မှာဖြင့် “တောင်းပန်ပါသည်ရှင်” ဟူသည်လေးဖြင့်ပင် ပြီးသွားရလေသည်။ ခရီးသည်အားလုံးတွင် စာရေးသူက ကံအဆိုးဆုံးဟု ဆိုရပါမည်။ မနက်အရုဏ်ဆွမ်းလည်း ဆန်ပြုတ်သာ၊ နေ့ဆွမ်းလည်း မုန့်နှစ်ခုသာ၊ ညနေမှာလည်း ဖျော်ရည်သာ။ တစ်နေကုန် ဆွမ်းလွတ်သွားသည့်နေ့ (၀ါ) ဆွမ်းငတ်သည့် နေ့ရက်တစ်ခုပင်။ ဤအကြောင်းကို စာရေးသူ လူမှုစာမျက်နှာမှာ ရေးသားလိုက်သည့်အခါ တုန့်ပြန်မှုနှစ်ခုကို တွေ့ခဲ့ရပါသည်။ မုန့်ဝေသည့် လေယာဉ်မယ်က ‘ဆွမ်းမကပ်ရင်လည်း မစီးနဲ့ပေါ့’ ဟု ၎င်း၏ စာမျက်နှာမှတစ်ဆင့် တုန့်ပြန်ခြင်းနှင့် လေကြောင်းဌာနက ရွာမဆရာတော်ကြီးအား တောင်းပန်လျှောက်ထားကာ စာရေးသူ ဆွမ်းမစားလိုက်ရသည်ကို စိတ်မကောင်း ဖြစ်မိကြောင်းနှင့် နောက်နောင် သံဃာတော်များအား ဂရုစိုက် ဆက်ကပ်မည့်အကြောင်း ကတိပြုသွားလေသည်။ သံဃာတော်များအားလုံး ထိုနေ့မှစ၍ စိတ်သက်သာရာ ရခဲ့ကြပေတော့၏။ လေယာဉ်ပေါ်တွင် နေ့ဆွမ်းချိန်၌ နေ့ဆွမ်းဆက်ကပ်ကြသည့်အပြင် လေယာဉ်ဆင်းခါနီး၌ ‘ဘာများလိုအပ်ပါသေးလဲဘုရား’ စသည်ဖြင့် လောကွက်ပျူဌါ ချိုသာစွာလျှောက်ထားလာကြပေသည်။ ခါတိုင်းလို မတ်တတ်ရပ် လက်အုပ်ချီလျက် တာဝန်အရလျှောက်ထားခြင်းမျိုး မဟုတ်တော့မူ၍ လေယာဉ်ကြမ်းပြင်ပေါ် ဒူးချထိုင်ကာ တရိုတသေ အလေးအမြတ်ပြုခြင်း ဖြစ်၏။ စိတ်ချမ်းသာဖွယ် မြင်ကွင်းပါပင်တည်း။

စာရေးသူ လေယာဉ်စီးသည့်အခါ ရိုးရိုးတန်းမှာသာ ထိုင်ပါသည်။ အထူးတန်းနှင့် ရိုးရိုးတန်း ငွေကြေးပမာဏ ကွာလွန်းလှသည် မဟုတ်သော်လည်း ဆိုဖာထိုင်ခုံကြီးများဖြင့် တစ်ခမ်းတစ်နား မထိုင်တတ်ခြင်း၊ သူဌေးများ အရာရှိများနှင့် အတူကျလျှင် နေထိုင်ရခက်နိုင်ခြင်း၊ လေယာဉ်ပေါ်မှ အတူဆင်းလာသည်ကိုမြင်လျှင် အထင်လွဲနိုင်ခြင်း အစရှိသည်တို့ကြောင့်ဖြစ်၏။

ရိုးရိုးတန်းထိုင်ခုံ ရှေ့ဆုံးတန်း ညာအစွန်မှာ ထိုင်ရသည်ကများပါသည်။ သက်သောင့်သက်သာရှိပါ၏။ တစ်နေ့သော် လူငယ် ဒါယကာတစ်ဦး စာရေးသူနားရောက်လာကာ အထူးတန်းမှာထိုင်ဖို့ လျှောက်ထားပါသည်။ စာရေးသူက ငြင်းလိုက်ပါသည်။ သူက ထပ်မံလျှောက်ထားပြန်ပါသည်။ ကြုံတုန်းကြုံခိုက်လေး ခရီးသွားကုသိုလ် ယူချင်လို့ပါဘုရားဟူ၏။ စာရေးသူက သူ့မျက်နှာကို စိုက်ကြည့်ကာ စူးစမ်းလိုက်ပါသည်။ သူက ‘ခရီးသွားတိုင်း ရဟန်းသံဃာများအား အမြဲလှူနေကျပါဘုရား’ဟု ထပ်မံလျှောက်ထားပြန်ပါသည်။ စာရေးသူ မငြင်းဝံ့တော့ပါ။ သူနှင့် စာရေးသူ၊ လူနှင့်ဘုန်းကြီး နေရာချင်းလဲ၍ ထိုက်လိုက်ရပါတော့၏။ သူ့ကို မေတ္တာပို့ သာဓုခေါ်မိသလို သူ၏မိဘဆရာသမားတို့ကို ကျေးဇူးတင် လေးစားနေမိတော့၏။ နှစ်အတန်ကြာသော် ထိုလူငယ်နှင့် ဒုတိယအကြိမ်ထပ်ဆုံပြန်ပါသည်။ စာရေးသူက မမှတ်မိတော့ပါ။ ‘အရင်တစ်ခါလည်း လှူဖူးပါသည်ဘုရား’ဟု လျှောက်ထားမှ သတိရခဲ့ပါတော့၏။ စာရေးသူလည်း ယခင်ကလို မငြင်းသာတော့ဘဲ ၎င်း၏နေရာ အထူးတန်းမှာ သွားထိုင်လိုက်ပါတော့၏။ မိတ်လည်းမဆက်ဖြစ်၊ သာဓုလည်း မခေါ်ဖြစ်၊ ကျေးဇူးစကားလည်း မဆိုဖြစ်ခဲ့ပါ။ ထိုလူငယ် မည်သူမည်ဝါမှန်း မသိသော်လည်း လူကောင်းသူကောင်း သူတော်ကောင်း မိကောင်းဖခင်သားသမီး ဆရာကောင်းတပည့် ဖြစ်သည်ဆိုသည်ကိုမူ အသိအမှတ်မပြု၍ပင် မရနိုင်ပေ။ ဤအကြောင်းကို တည်းခိုရာ အိမ်ဂေဟာရောက်တိုင်း တပည့်များအားပြောပြကာ ထိုလူငယ်အပေါ် ချီးမွမ်းခန်းထုတ်လေ့ရှိပေသည်။ ယာနဒါန ယာဉ်အလှူရှင် ဒါယကာလေး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝပါစေသာ် –ဝ်။

နိုင်ငံသားကို နိုင်ငံခြားသားထင်၍ ဗိုလ်လိုပြောမိသည်လည်း ရှိသေး၏။ စာရေးသူက ညာအစွန်၊ သူက ဘယ်အစွန်။ အာဖဂန်နစ္စတန်မှာ တွေ့ရလေ့ရှိသော နိုင်ငံခြားသားကြီးလိုမျိုး ခေါင်းလည်း ပေါင်းထားသည်။ ပါးသိုင်းမွှေး၊ မုဆိတ်မွှေးတွေလည်း ရှည်သည်။ စာရေးသူက Good afternoon ဟု ပြောလိုက်၏။ သူက ခေါင်းညိတ်၏။ အာရပ်တစ်ဦး ဖြစ်မည်။ စာရေးသူကို သိလိမ့်မည်။ စကားမပြောချင်၍ ခေါင်းညိတ်ခြင်းဖြစ်မည်ဟု ထင်လိုက်၏။ စမ်းကြည့်ချင်သေးသည်နှင့် Where are you going? ဟု မေးလိုက်၏။ သူက မြန်မာလိုပြောပါ ရပါတယ်ဟု ပြန်ဖြေ၏။ ထိုအခါမှသာ သူသည် ပန်ချာပီလူမျိုးမှန်း သိလိုက်ရလေသည်။ ကျုပ်ဗျာ ခင်ဗျားကို နိုင်ငံခြားသားထင်လို့ မေးမိတာပါဗျာဟု တောင်းပန်လိုက်ရ၏။

ရန်ကုန်မှအပြန် ကြုံရသည်လည်း ရှိသေး၏။ စာရေးသူက ရိုးရိုးတန်း ညာအစွန်မှာ ထိုင်နေ၏။ စာရေးသူ၏ ဘယ်ဘက်ဘေးမှာ အမျိုးသမီးတစ်ယောက် ထိုင်မည့်အခြေအနေရှိ၏။ ဘွဲ့ရပညာတတ်အရွယ် နှစ်ဆယ်ကျော်ခန့်သာ ရှိပေမည်။ အသားဖြူ အရပ်မြင့် ခေတ်ဆန်လွန်း၍ စကပ်မပါ၊ ဘောင်းဘီတိုမဝတ်၊ ဘောင်းဘီရှည်ဆိုလျှင် ပို၍သာဝေးမည်သာ။ အက်ႌခါးရွည္ဝတ္ထား၏။ အက်ႌစက ပေါင်လယ်လောက် ရောက်နေရုံမှလွဲ၍ အခြားမမြင်။ စာရေးသူဘေးမှာ ဝင်ထိုင်၏။ ထိုင်သည့်အခါ အင်္ကျီစက ပေါင်ကိုမဖုံးလွှမ်းနိုင်တော့သဖြင့် ပေါင်ရင်းနေရာ၌ ပိုက်ဆံအိတ်ကို ပေါင်တစ်ဖက်တစ်ချက်ပေါ် ကန့်လန့်ဖြတ်တင်ထားသည်ကို တွေ့ရ၏။ အဓိကနေရာကို လျှို့ဝှက်ထားရမည်မှန်းတော့ သိသေးပုံရ၏။ ဟိရီသြတ္တပ္ပ လုံးလုံးလျားလျားကုန်ခမ်းနေသည်တော့ ဟုတ်ပုံမရ။ သူမ၏ဘယ်ဘက်တွင် အမျိုးသားကြီးတစ်ယောက် ထိုင်နေ၏ သူမသည် အသားကဖြူလွန်း၊ သရုပ်ကပျက်လွန်းသဖြင့် သူမကို နိုင်ငံခြားသူထင်၍ ယခင်တစ်ယောက်လိုပင် အင်္ဂလိပ်လို မိတ်ဆက်လိုက်၏။ Hello Madam. Are you Chinese? သူမက ခေါင်းညိတ်၏။ Where are you going? မန္တလေးဟု ပြန်ဖြေ၏။ Which country did you come from? မြန်မာကပါပဲ။ ရန်ကုန်ကပါဟု စကားပီသစွာ ပြန်ဖြေ၏။ စာရေးသူအံ့သြသွားသည်။ မြန်မာပြည်ဖွား တရုတ်မ ဘရုတ်ကျလှပါပကော။ စိတ်ထဲတွေးနေမိ၏။ ‘သရုပ်ဆောင် မင်းသမီးလား’။ ခေါင်းခါ၏။ ‘မော်ဒယ်လ်လား’။ ခေါင်းခါပြန်၏။ ‘အနုပညာရှင်လား’။ ခေါင်းခါမြဲပင်။ ရယ်ကျဲကျဲလုပ်၍ ခေါင်းခါပြသည်သာထူးခြား၏။ ဆက်၍မမေးတော့ပါ။ မိတ်လည်း မဖွဲ့ဖြစ်ပါ။ မူဆယ်နယ်စပ်တွင် တရုတ်မများ ဈေးရောင်းနေပုံကို ဖတ်ရ ကြားရဖူးပါသည်။ လွန်လွန်ကဲကဲ ဖွဲ့နွဲ့သည်ဟု ထင်မိမှားခဲ့၏။ ယခုမှ လက်တွေ့ သိမြင်ရလေသည်။ ဒီမိန်းကလေး မတော်ဓမ္မတာလာခဲ့သော်ဟု သူမအစား တွေးပေးနေမိလေ၏။ အင့်း့  ဒါ့ကြောင့်လည်း သက်ငယ်မုဒိမ်းတွေ ပေါတာကိုးဟု အဖြေထုတ်နေမိ၏။ သူမတို့က လှုံ့ဆော်သွား၊ လှုပ်ခတ်ကျန်ရစ်သူများက ဆက်လက်လှုပ်ရှား။ ကြားမှ ကလေးငယ်များ ပစ်မှတ်ဖြစ်ခဲ့ရလေသည်။ သက်ငယ်မုဒိမ်းတရားခံကား ဒင်းတို့ဟုလည်း စွပ်စွဲနေမိသေး၏။

စာရေးသူ ခရီးသွားသည့်အခါ ဦးစွာ ဂုဏ်တော်ပွားပါသည်။ ၎င်းနောက် မေတ္တာပို့ပါသည်။ တရားပွဲအသွားခရီးဆိုလျှင် တရားဟောစရာ တရားစာဖတ်ပါသည်။ အပြန်ခရီးဆိုလျှင် စာမဖတ်ဖြစ်တော့ပါ။ ပဋ္ဌာန်းရွတ်ပါသည်။ မနက်အစော ခရီးဆိုလျှင် စာရေးပါသည်။ မေတ္တာပို့သည့်အခါ လေယာဉ်အတူစီး ခရိးသည်များနှင့် ဝန်ထမ်းများကို အာရုံယူ၍ လိုရာခရီးဖို့ ချောမောလွယ်ကူစွာ ရောက်ရှိကြပါစေဟူ၍လည်း ပို့သတတ်ပါသည်။ ထို့နေ့၌ မေတ္တာအာရုံ ပျက်သွားပါသည်။ မေတ္တာဝတ်လည်း ပျက်သွားပါသည်။ စိတ်က အတွေးပေါင်းများစွာ တွေးကြံလျက်ရှိပါသည်။ စိတ်မအားရှာတော့ပါ။ အကြည့်ကလည်း ပိုက်ဆံအိတ်နားသို့ မကြာခဏ ရောက်ရှိသွားပါသည်။ ဒီလောက်ရိုင်းတဲ့ မိန်းကလေးဆိုပြီး မကျေနပ်ချက်များလည်း ပေါ်လာပါသည်။ သူမကား ဘာမှမမှုရှာပါ။ တရုတ်စာတန်းထိုး ဇာတ်ကားများပင် အကြည့်မပျက်ပါ။ စာရေးသူက ဓာတ်ပုံရိုက်သည်ကိုလည်း သူမမသိပါ။ တံတားဦးလေဆိပ်သို့ လေယာဉ်ဆိုက်သည့်အခါ သူမက ဘယ်ဘက်ခြမ်းမှာ မတ်တက်ရပ်၍ ခါးရို့ကာ လမ်းဖယ်ပေးပါသည်။ ဤအကြောင်းကို တွစ်တာမှာ ဓာတ်ပုံနှင့်တကွ တင်ပေးလိုက်ပါသည်။ မာတုဂါမများ ရင်လျှားဖြင့်ရေချိုးသည်ကို မြင်ရရုံမျှဖြင့် ဈာန်လျှောခဲ့ရသည့် ရသေ့များကို အားနာမိကြောင်း ရေးသားခဲ့ခြင်းဖြစ်ပါသည်။ စာရေးသူ၏ ဖေ့စ်ဘုတ်အကောင့် အပိတ်ခံရသဖြင့် တွစ်တာမှာ ရေးနေရခြင်း ဖြစ်ပါသည်။ တွစ်တာပရိသတ်သည် ဖေ့စ်ဘုတ်ပရိသတ်ကဲ့သို့ အင်အားမများခဲ့သော်လည်း အတန်အသင့်ကား ပျံ့နှံ့ခဲ့ပေသည်။

၂၀၁၉ ခုနှစ် ဧပြီလ မြိတ်မြို့ အရှေ့သိမ်ကွင်းမှာ ပွဲကြမ်းခဲ့ပြီးအပြန် လေယာဉ်ပေါ်တွင် ထပ်မံကြုံရပြန်ပါသည်။ သည်တစ်ခါ အတူကျသည့် အမျိုးသမီးကား လိမ္မာယဉ်ကျေး မြန်မာမိန်းကလေးဖြစ်၏။ သူနှင့်ထိုင်လျှင်ကား စာရေးသူမှာ ပြဿနာမရှိပါ။ လိမ္မာယဉ်ကျေးသည့် သမီးပျိုလေးဖြစ်သဖြင့် စာအကြောင်း ပေအကြောင်း တရားအကြောင်းပင် ပြော၍ကောင်းနိုင်ပေသေးသည်ဟု ထင်မှတ်ထားလိုက်ပါသည်။ ယခင်တစ်ခါ တွစ်တာတင်ထားသည့်ပုံက ရုပ်ပျက်ဆင်းပျက်နိုင်လွန်းလှသဖြင့် လေကြောင်းလိုင်းအထိ သတင်းပေါက်သည်လော မပြောတတ်ပါ။ လေယာဉ်မယ်များက အဆိုပါ မိန်းကလေးအား လူငယ်တစ်ဦးနှင့် နေရာချင်းလဲ၍ ပေးလိုက်ပါသည်။ စေတနာဖြင့် နေရာလဲပါမှ ပို၍ဆိုးသွားလေ၏။ စာရေးသူဘေးမှာ လာထိုင်သော အဆိုပါလူငယ်က လုံးဝမကျေနပ်ပါ။ သူ့နေရာမှာသာ သူပြန်ထိုင်မည်ဟုသာ ပြင်းထန်စွာ တောင်းဆိုနေပါသည်။ သူသည် စာရေးသူအပေါ် အကြည်ညိုပျက်သည်ထက် ရွံရှာမုန်းတီးသည်က များပုံရပေသည်။ အဆင်မပြေဘူး။ ကျနော့်နေရာ ကျနော့ပြန်ပေး၊ မရဘူး၊ လုံးဝမနေနိုင်ဘူး။ ကျနော့်နေရာပဲ ကျနော်ပြန်ထိုင်မယ်ဟု အရက်မူး၍ ဂျီကျသူပမာ ပေါက်ကွဲပြနေပါသည်။ လေယာဉ်တစ်စင်းလုံး ထိုလူငယ်ထံသို့သာ အာရုံစိုက်နေလေတော့၏။ လေယာဉ်မယ်များလည်း ပြာယာခတ်သွားပေသည်။ ဤအခြေအနေအရ အလွယ်တကူ ဖြေရှင်း၍ မရနိုင်မှန်း သိ၍သွားသဖြင့် လေယာဉ်မှူးကို သွားခေါ်ကြတော့၏။ လေယာဉ်မှူးက စာရေးသူနှင့် ပေါက်ကွဲသူတို့ထံသို့ မလာဘဲ အစားထိုးရန် လူရှာနေ၏။ သံဃာနှင့် အမျိုးသမီး မသင့်တော်လို့ နေရာချိန်းပေးချင်တာပါဗျာ အစချီ၍ မေတ္တာရပ်ခံနေသည်ကိုကား မြင်နေကြားနေရပေ၏။ ရှေ့ဆုံးတန်းမှ အမျိုးသားကြီးတစ်ယောက်က မတ်တက်ရပ်ကာ ကျနော် ထိုင်ပေးပါ့မယ်။ ရပါတယ်။ မိန်းကလေးကို ကျနော့်နေရာသို့ရွှေ့ပေးပါဟု ပြောကာ စာရေးသူတို့ဘက်သို့ ထွက်လာခဲ့ပေသည်။ ပေါက်ကွဲလူငယ်လည်း သူ့နေရာပြန်ရသွားသဖြင့် ကျေနပ်သွားလေသည်။

ရှေ့ဆုံးတန်းမှ အမျိုးသားကြီးက စာရေးသူထံရောက်လာကာ လက်အုပ်ချီ၍ု နှုတ်ဆက်၏။ ပြီးလျှင် ထိုင်ခွင့်တောင်း၏။ ပေါက်ကွဲလူငယ် ရိုင်းပြပုံကို စာရေးသူ့နားရွက်နားကပ်၍ တီးတိုးပြောလာ၏။ ငှက်ဆိုးမသားတွေဟုလည်း ရေရွတ်နေ၏။ ကံဆိုးသည်မှာ စာရေးသူမဟုတ်ပါ။ လိမ္မာယဉ်ကျေး မြန်မာမိန်းကလေး ဖြစ်ပါသည်။ သူ့ခမျာ နေရာသုံးနေရာ ပြောင်းရွှေ့ရပါသည်။ သူမှာအပြစ်မရှိဘဲ နေရာရွှေ့ပေးရခြင်းဖြစ်၏။ ဤသို့ဖြင့် ရန်ကုန်မရောက်ခင် စကားပြောဖြစ်ကြပါသည်။ အဆိုပါအမျိုးသားကြီးက ဖုန်းထဲမှ ငှက်ဆိုးမကြီးပုံကို လက်ညှိုးထိုးပြကာ သူတစ်ယောက်တည်း ပတ်မွှေနေတာဟု အစချီကာ ရင်ဖွင့်လာလေတော့၏။ စာရေးသူလည်း ထိုစကားသည် ထိုသူ့ရင်တွင်းစကား ဟုတ်သည် မဟုတ်သည် သိလို၍ တီးခေါက်ကြည့်ရာ သူ့ကြောင့် တစ်နိုင်ငံလုံးဒုက္ခရောက်နေတာ အစချီကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးကျဆင်းပုံတွေကို ရှင်းပြနေမှ သူသည် စီးပွားရေးသမားတစ်ဦးဖြစ်မှန်း သိလိုက်ရလေ၏။ မြိတ်မလာခင် ဟောကြားခဲ့ရာ ခရီးစဉ်များကိုလည်း သူကသိရှိနေပေသည်။ ထို့အပြင် မြိတ်မြို့ရှိ ဆရာတော်သံဃာတော်များအားလုံးနှင့် သူသိနေ၏။ စာရေးသူကိုပင့်ဖိတ်သည့် ကျောင်းတိုက်ဆရာတော်နှင့်လည်း ရင်းနှီးသည်ဆိုမှ စာရေးသူက သူ့အပေါ်ယုံကြည်စိတ်ချသွားလေ၏။ ငှက်ဆိုးမကြီးအကြောင်း အပြန်အလှန်ရင်ဖွင့်လေရာမှ အမြင်ချင်းတူ၊ ရင်ချင်းတူလာလေတော့၏။ ပို၍ပင်ခင်မင်ရင်းနီးခဲ့ရပါလေ၏။ မြိတ်-ရန်ကုန် လေယာဉ်ပေါ်တွင် စာရေးသူက ကံမဆိုးပါ။ စီးပွားရေးလုပ်ငန်းရှင်များတွင်လည်း စာရေးသူလိုအမြင်မျိုး ရှိကြပေသားပဲဟူသည့် အတွေးဖြင့် ပို၍ပင်အားရှိလာခဲ့ပါသည်။

မြိတ်မှအပြန် အိမ်ဂေဟာရောက်သည့်အခါ စကားစပ်မိသည့်အခါတိုင်း ပေါက်ကွဲလူငယ်အကြောင်း ပြောဖြစ်မိလေသည်။ လူငယ်ချင်းတူသော်လည်း ပထမလူငယ်မှာ ရိုကျိုးနှိမ့်ချစွာ ခရီးသွားကုသိုလ်ယူပါရစေဟု တောင်းပန်တိုးလျှိုး ပင့်ဖိတ်ခဲ့သူ ဖြစ်၏။ အထူးတန်းနေရာကို ဘုန်းကြီးအားလှူကာ ဘုန်းကြီးနေရာ ရိုးရိုးတန်းမှာ သွားထိုင်ပေးသူ ဖြစ်၏။ ဒုတိယလူငယ် (ပေါက်ကွဲသူ)ကား ရိုးရိုးတန်းချင်းအတူတူ ဘုန်းကြီးနှင့် မာတုဂါမ မသင့်တော်၍ နေရာလဲပေးရသည်ကိုပင် မကျေမနပ်ဖြစ်ကာ ဒေါသူပုန်ထခဲ့ပေ၏။ ရဟန်းတော်တစ်ပါးအပေါ် ချဉ်းကပ်ပုံ (အမြင်)ချင်းက ကွားခြားလှပေသည်။ အဘယ်ကြောင့်ပါနည်း။

နောက်တစ်ခါ ကြုံရသည်က တစ်မျိုးပင်။ သံဃာအချင်းချင်း စာရေးသူနှင့်အတူ မထိုင်လို၍ လေယာဉ်အမြီးပိုင်း သွားထိုင်ခဲ့သော ဆရာတော်ကြီးတည်း။ စာရေးသူက လေယာဉ်ပေါ်မှာ သတင်းစာဖတ်နေသည်။ ထေရ်ကြီးဝါကြီးဖြစ်၍ စာရေးသူဘေးမှာ လာထိုင်မည်ထင်ကာ ထိုင်ခုံပေါ်ရှိ ခါးပတ်ကြိုးများကို ဖယ်ရှင်းပေးလိုက်သည်။ သူက စာရေးသူကို ကျော်၍ အတန်ဝေးသည့် နောက်ဆုံးတန်းနားမှာ သွားထိုက်နေ၏။ လေယာဉ်မယ်က တရိုတသေ ပင့်ဖိတ်သော်လည်း မရပေ။ စာရေးသူ အိုးဘိုမရောက်ခင် အတူလက်တွဲခဲ့ဖူးသော မထေရ်ယုတ်ကြီးတည်း။ စာရေးသူနှင့် အတူထိုင်လျှင် သူရင်ဆိုင်ရမည့်အရာများကား နည်းလှမည်မဟုတ်ပါ။ သူက နိုင်ငံရေးအမြင်မတူ၍ အတူမထိုင်ခြင်း ဖြစ်သော်လည်း စာရေးသူကမူ “ဆင်ဖြူ့မျက်နှာ ……” စကားပုံအတိုင်းသာ မှတ်ထင်နေတော့၏။ သူဦးဆောင်၍ အမျိုးသားရေးဆရာတော်များကို တိုက်ခိုက်ထားသည့်စာအုပ် အဝီစိပဲ့တင်သံမှ စာရေးဆရာ ဘုန်းကြီးများကား သူ့အတိုင်းပင် အရက်စွဲနေကြသူများသာတည်း။ ညီတော်မောင်တစ်ပါးကမူ ယစ်ထုပ်ကြီးတွေဟုပင် တုန့်ပြန်၍ ရေးသားခဲ့ပေသေး၏။

ဤသည်မှာ ပြဿနာမဟုတ်သည်ကို ပြဿနာလုပ်ခဲ့ကြသော ပြဿနာရှင်များနှင့် တွေ့ကြုံဆုံရ တစ်ခဏ လေယာဉ်စီးခရီးသည်ဘဝ ဖြစ်ပါသတည်း။

ဝီရသူ(မစိုးရိမ်)

23.1.2021