သတင်း

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – က)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၂ – က)

သမဂ္ဂ စိတ်ထား
————
အရှင်ဝီရသူ (မစိုးရိမ်)

သမဂ္ဂဟူသောစကားကို လူတိုင်း ကြားဖူးကြပေမည်။ ညီညွတ်ခြင်းဟု အဓိပ္ပာယ်ရ၏။ ကိုယ်အားဖြင့် ညီညွတ်ခြင်း၊ စိတ်အားဖြင့် ညီညွတ်ခြင်း၊ ကိုယ်စိတ်နှစ်ပါးစုံအားဖြင့် ညီညွတ်ခြင်းဟူ၍ ရှိရာတွင် လူစုံတက်စုံ အင်အားပြခြင်းကို ကာယ သမဂ္ဂ (ကာယသာမဂ္ဂီ)၊ အမြင်တူညီခြင်း (သဘောထားမကွဲလွဲခြင်း)ကို စိတ္တသမဂ္ဂ (စိတ္တသာမဂ္ဂီ)၊ ကိုယ်စိတ်နှစ်ပါးလုံး ညီ ညွတ်ခြင်းကို ဥဘယသမဂ္ဂ(ဥဘယသာမဂ္ဂီ) ဟု ခေါ်ပါသည်။ သမဂ္ဂဆိုသည်မှာ အဖွဲ့ အစည်းကိုဆိုလိုပြီး သာမဂ္ဂီဆိုသည်မှာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်ကို ဆိုလိုပေသည်။ ဤနေရာ၌ သမဂ္ဂစိတ် (အဖွဲ့အစည်းစိတ်)နှင့် ပတ်သက်၍ ပြောလိုစိတ်ရှိပေသည်။

ဗုဒ္ဓဘာသာဝင်နှင့် အခြားဘာသာဝင်ဖြစ်လျှင် ဗုဒ္ဓဘာသာဝင်ဘက်မှ ရပ်တည်မည်။ ဤသို့သော ခံယူချက်မျိုးသည် ဘာသာသမဂ္ဂစိတ်ပင် ဖြစ်ပါသည်။ တိုင်းရင်းသားနှင့် နိုင်ငံသားပြဿနာဖြစ်လျှင် တိုင်းရင်းသားဘက်မှ ရပ်တည်မည်။ ဤ သို့သော ခံယူချက်မျိုးသည် လူမျိုးသမဂ္ဂ စိတ်ပင် ဖြစ်ပါသည်။

နိုင်ငံသားနှင့် နိုင်ငံခြားသားပြဿနာ ဖြစ်လျှင် နိုင်ငံသားဘက်မှ ရပ်တည်မည်။ ဤသို့သော ခံယူချက်မျိုးသည် နိုင်ငံသား သမဂ္ဂစိတ်ပင် ဖြစ်ပါသည်။ သံဃာအချင်း ချင်း၊ ဘုရားသားတော်အချင်းချင်း ရိုင်း ပင်းခြင်းသည် သံဃသမဂ္ဂစိတ်ပင် ဖြစ်ပါ သည်။

စာရေးသူသည် ဤသို့သော သမဂ္ဂ စိတ်မျိုး ထားရှိသူဖြစ်ပါသည်။ စာရေးသူ တို့ အမျိုးသားရေးသမားများတွင် သမဂ္ဂစိတ်မရှိသူ လွန်စွာနည်းပါးလှပေသည်။ ထို့ကြောင့် အခမ်းအနားတွင်ဖြစ်စေ၊ အစည်းအဝေးတွင်ဖြစ်စေ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ကြပေ။ ပုဂ္ဂိုလ်တစ်ပါး တလေ၏ ဟောပြောချက်၊ အပြုအမူ တစ်ခုခုတွေ့ရလျှင်လည်း စိတ်ဝမ်းကွဲမည် စိုး၍ တုံ့ပြန်ရင်ဖွင့်ခြင်းမျိုး လုံးဝမလုပ်ကြ ပေ။

စာရေးသူသည် သမဂ္ဂစိတ် အမြဲမွေး ပါသည်။ ထို့ကြောင့် ပုဂ္ဂိုလ်ရေးရာမှန်သမျှ သည်းခံလေ့ရှိပါသည်။ မိမိနှင့် မိမိအဖွဲ့ အစည်းအပေါ် မည်သို့ပင် ရန်ပြုနေသူဖြစ် ပါစေ အန္တရာယ်ပေါ်ပေါက်လာလျှင် ဘုရား သားတော်အချင်းချင်း ရိုင်းပင်းတတ်ပါ သည်။

မဘသညီလာခံကြီး ကျင်းပနေချိန်တွင် အဆိုပါ ညီလာခံကြီးပျက်ပြားစေရန် သတင်းမီဒီယာအားကိုး၍ လုပ်ဆောင်ခဲ့သော ဘုန်းကြီးတစ်ပါး ပေါ်ပေါက်ခဲ့ဖူးပါသည်။ မီဒီယာများ အကြိုက်တွေ့ကာ ညီလာခံသတင်းမရေးတော့ဘဲ ထို ပုဂ္ဂိုလ်၏ သတင်းများကိုသာမျက်နှာဖုံးတင်၍ ရေးသားကြပေတော့၏။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ နှောင့်ယှက်ဖျက်ဆီး မှုကြောင့် မဘသညီလာခံသတင်းများ မှေး မှိန်သွားခဲ့ရပေသည်။

အဆိုပါပုဂ္ဂိုလ်သည် ညီလာခံ ဖိတ်စာမရခြင်း၊ ညီလာခံတက်ခွင့်မရခြင်း၊ နေရာမရခြင်းတို့ကြောင့် ပတ်မကြီး ထိုးဖောက်ဗျူဟာနှင့် သဲပက်ဗျူဟာကို ကျင့်သုံးသွားခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ စွပ်စွဲချက်များကို ဆရာတော်သံဃာတော်များက သည်းခံနိုင်ကြသော်လည်း စာရေးသူက သည်းမခံနိုင်ဖြစ်ကာ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပြန်လည်ချေပခြင်းဖြင့် စာရေးသူနှင့် ထိပ်တိုက်တွေ့သည့်အဆင့်သို့ ရောက်ရှိသွားခဲ့ပေသည်။

နောင်အခါ ထိုပုဂ္ဂိုလ် လူဝတ်လဲကာ ထောင်ချခံရလေသည်။ ထိုအခါ စာရေးသူ က ထိုပုဂ္ဂိုလ်ဘက်မှ ရပ်တည်ကာ အစိုးရ ကို ပြန်လည်ခုခံပေးခဲ့ပါသည်။ ထိုပုဂ္ဂိုလ် ကျောင်းသို့ ဦးစွာသွားကာ ငွေလှူခြင်း၊ အားပေးစကားပြောခြင်း၊ နှစ်သိမ့်ဩဝါဒ ပေးခြင်းများ ပြုလုပ်ခဲ့ပေသည်။ သံဃာနှင့် အစိုးရ ထိပ်တိုက်တွေ့လျှင် သံဃာဘက်မှ ရပ်တည်မည်ဟူသော သမဂ္ဂစိတ်ကြောင့် ဖြစ်ပါသည်။ ယခုအခါ ထိုပုဂ္ဂိုလ်နှင့် ညီအစ်ကိုအရင်းပမာ လက်တွဲလုပ်ဆောင် လျက် ရှိပေသည်။

စာရေးသူအပေါ်တွင်ရော၊ စာရေးသူတို့အဖွဲ့အစည်းဖြစ်သည့် မဘသအပေါ်၌ပါ လုံးဝမကောင်းခဲ့သည့် ပုဂ္ဂိုလ်တစ်ပါးလည်း ရှိခဲ့ဖူးပေသည်။ ဒေါက်တာဘွဲ့ရ ရဟန်းပျိုတစ်ပါးပင်။ စာရေးသူအောက် အနည်းငယ် သိက္ခာငယ်ပါသည်။ လူချင်း ရင်းနှီးကျွမ်းဝင်ခဲ့ကြသော်လည်း နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုကြောင့် စာရေးသူအပေါ် အကောင်းမမြင်ပါ။ သူ၏အကောင့်တွင် စာရေးသူမကောင်းကြောင်း အမြဲတမ်း ရေးလျက်၊ တင်လျက်ရှိပေသည်။

စာရေးသူကို သီတဂူဆရာတော် ကြီးက ငေါက်လွှတ်သည့်ပုံစံမျိုးထိ လုပ် ဇာတ်ခင်း၍ ရေးသားတတ်သကဲ့သို့ အစ်နေ့အမဲသားဝေသည့်အခါ လာရောက်ယူကြသော လူတန်းကြီးပုံကိုသုံးလျက် ငါတို့အရိုး စည်းရိုးထိုးသည့်သူတွေ ဟု ဆိုကာ မဘသအဖွဲ့အစည်းကြီးကို ထိုးနှက်တိုက်ခိုက်ခဲ့ပေသည်။

သီတဂူဆရာတော်ကြီးက စာရေးသူ အပေါ် ဘယ်လိုအားထားကြောင်း အထောက်အထားနှင့် စာရေးသူက ပြန်လည်ချေပကာ သူ၏ပို့စ်ကို ပြန်ဖြုတ်ခိုင်းပြီး တောင်းပန်စာ ရေးခိုင်းသည့်အခါ မလိုက်နာဘဲ လျှောချသွားပေသည်။ စာရေးသူနှင့်တွေ့လျှင် စာရေးသူရှေ့တွင် မခုတ် တတ်သည့် ကြောင်ကလေးကဲ့သို့ ခပ် ကုပ်ကုပ်လေး နေထိုင်တတ်ပြီး နိုင်ငံရေး သမားများနှင့်တွေ့လျှင် စာရေးသူ မကောင်းကြောင်း အမြဲပြောကာ ဖေ့စ်ဘွတ်ခ်ပေါ်တွင် စာရေးသူကို အမြဲတိုက်ခိုက်လေ့ရှိပေသည်။ စာရေးသူနှင့် ဖုန်းပြောသည့်အခါလည်း ရိုရိုကျိုးကျိုးပင်။ ထို့ကြောင့် စာရေးသူက စာရေးသူ၏ အကောင့်တွင်ဓမ္မဝါးတင်းအခြောက်ကြီး ခေါင်းစဉ်ဖြင့် ပြင်းထန်စွာ တုံ့ပြန်ခဲ့ရလေသည်။

ဆက်လက်ဖော်ပြပါမည်။

(၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၂၇)တွင် ဖော်ပြပါရှိသော ဆောင်းပါး)